မိုင်းဆတ်  ၂၅   ဩဂုတ် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျွဲ၊ နွားများတွင်ဖြစ်ပွားသော အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease) ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ခရိုင်/မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်မှစ၍ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

 

ရှေးဦးစွာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးရုံးတွင် ကျင်းပရာ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ၂၀၁၉ ခုနှစ်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စတင်၍ ကျွဲ၊ နွားများတွင် အရေပြားအကျိတ်နာရောဂါ(Lumpy Skin Disease)ဖြစ်ပွားခဲ့ပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများတွင် ဖြစ်ပွားမှုမရှိသေးကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းမှာ (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းရှိ  ကြောင်း၊ ထိရောက်စွာကု သနိုင်သောဆေးမရှိသေးကြောင်း၊ Capripox Virus ပိုးမွှား၊ ခြင်၊ ယင် ကိုက်ခံရခြင်းမှ ကူးစက်နိုင်ကြောင်း၊ အရေပြားအကျိတ်နာရောဂါ မဖြစ်ပွားအောင် ကျွဲ၊ နွား အသက်(၃)လမှ (၄)လ အရွယ်တွင် ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များအား သီးသန့် ခွဲထားရန်လိုအပ်ကြောင်းနှင့် ရောဂါပိုးသည် လူသို့ကူးစက်နိုင်ခြင်းမရှိကြောင်း ရှင်းလင်းပြောကြားပြီး ဟောပြောပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးသည်။ အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်/ကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်သူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

 

အလားတူ ယနေ့ နံနက် ၈ နာရီက နယ်မြေခံတပ်ရင်းခန်းမဆောင်၌ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းတို့က တပ်ရင်း/တပ်ဖွဲ့များမှ မွေးမြူရေး တာဝန်ခံ(၃၀)တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)