မိုင်းဆတ် ၂၅ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာရောဂါကပ်အသွင်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားခဲ့သည့် ရပ်ကွက်နှင့်ကျေးရွာတို့တွင် အသက်(၁၅)နှစ်အောက်ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ထိ ကလေး(၈၃၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာ(၇)ရွာတွင် ဩဂုတ် ၂၄ ရက်အထိ ဆုံဆို့နာရောဂါဖြစ်ပွားသူ ဦးရေ ၂၀ ရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သဖြင့် ကျန်းမာရေးဝန်ထမ်းများက ရောဂါဖြစ်ပွားခဲ့သည့် ရပ်ကွက်နှင့်ကျေး ရွာ(၄)ခုရှိ အသက်(၁၅)နှစ် အောက်ကလေး(၈၃၉)ဦးအား အသက်အုပ်စု(၃)စုခွဲ၍ ဆုံဆို့နာရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ပြီး ကျန်ရှိသောကျေးရွာ(၅)ခုရှိကလေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။
“ဒီရောဂါက ရောဂါကူးစက်ခံရသူ နှာချေချောင်းဆိုးတဲ့အခါ ထွက်လာတဲ့အမှုန်အမွှားကတစ်ဆင့် အသက်ရှူ လမ်းကြောင်းအတွင်း ပိုးဝင်ရောက်ကူးစက်မှုအများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားနေသူနဲ့ အရေပြားချင်းထိတွေ့ ခဲ့ရင်၊ ရောဂါပိုးရှိနေတဲ့ပစ္စည်းတွေကို အသုံးပြုမိရင်လည်းကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်အောင် ရောဂါဖြစ်ပွားခဲ့တဲ့နေရာဒေသက အသက်(၁၅)နှစ်အောက်ကလေးတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးနေတာ ဖြစ်ပါတယ်”ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျ က ပြောသည်။
ဆုံဆို့နာရောဂါလက္ခဏာသည် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ အစာမျိုရခက်ခဲ ခြင်း၊ အာခေါင်တွင် ဖြူပြာရောင်(သို့မဟုတ်)မီးခိုးရောင်အမှေးပါးများ ပေါ်ပေါက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ဖြစ်ပြီး အသက်အန္တရာယ်ကို ဆိုးရွားစွာထိခိုက်စေသဖြင့် အသက်(၁၅)နှစ်အောက်ကလေးများ ကာကွယ်ဆေးကို (၃)ကြိမ် ပြည့်မီအောင်ထိုးနှံကြရန်နှင့် အထက်ပါ လက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသကြရန် ကျန်းမာရေးဌာနမှ တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်(၆)ခုတွင် ဆုံဆို့နာရောဂါဖြစ်ပွားလျက်ရှိပြီး ရောဂါဖြစ်ပွားသူ (၁၁၂)ဦးရှိပြီး သေဆုံးသူ (၁၀)ဦးရှိကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)


