မော်လမြိုင် ၂၅ ဩဂုတ်

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းက ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် အမျိုးသား (၈၃)ဦး နှင့် အမျိုးသမီး ၇၀ စုစုပေါင်း ၁၅၃ ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။


ထိုသို့ Quarantine ဝင်ရောက်လာသော နေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြု၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။


Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင် တို့ဖတ်၊ နှာခေါင်းတို့ဖတ် ရယူ၍ COVID-19 ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေးစစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုး မတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေ(၁)ရက်မှ ယနေ့အထိ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူပေါင်း (၁၁၉၆၅)ဦးရှိပြီးဖြစ်ကြောင်း သိရသည်။   


                       
စမ်းစမ်းနွယ်