မန္တလေး  ၂၅ သြဂုတ်

 

မန္တလေးမြို့ သီရိမာလာဈေးတွင် အေးခဲကြက်သားများကို ရောင်းချနေသည့် စျေးဆိုင် ၂ ဆိုင်ကို စျေးရောင်းချခွင့် တစ်လပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

 

တားမြစ်ထားသော အေးခဲကြက်သားများရောင်းချခဲ့သော သီရိမာလာဈေးမှ ဆိုင်နှစ်ဆိုင်ကို ဩဂုတ် ၂၃ ရက်က ရောင်းချခွင့်တစ်လ ပိတ်သိမ်းအရေးယူရန်  စီစဉ်နေကြောင်းလည်း သိရသည်။

 

“သြဂုတ် ၂၂ ရက်က အေးခဲကြက်သား ၁၄၄ ထုပ် (ပိဿာ ၁၈၀) ၊ သြဂုတ်  ၂၃ ရက်က  ၅၁ထုပ် (၆၃) ပိဿာ၊ အေးခဲကြက်အသည်းအမြစ် အထုပ် ၃၀  ၊ ပိဿာ (၂၀)တွေ့ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အေးရိပ်ငြိမ်မှာ မီးရှို့ ဖျက်ဆီးလိုက်ပါပြီ။ အခုအရေးယူဖို့ လုပ်နေပါတယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

အေးခဲကြက်သားများ  ရောင်းချနေသည်ကို ယခုလ  ၂၃ ရက်က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးရမိသော​အေးခဲကြက်သား များကို အေးရိပ်ငြိမ်တွင် မီးရှို့ဖျက်ဆီးခဲ့ရကြောင်း  သိရသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဈေးများတွင် စားသုံးသူများ ကျန်းမာရေးမထိခိုက်စေရန် အေးခဲကြက်သားများ ရောင်းချခြင်းကို ကြပ်မတ်လျက်ရှိကြောင်း သိရသည်။

 

မေသက်ထား