နေပြည်တော် ၂၅ ဩဂုတ်

 

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက မြိတ်မြို့၊ သန်းဖိုရပ်ကွက်၊ မင်္ဂလာလမ်းနှင့် လောပီတွင်းလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဝင်းနိုင်ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မြိတ်မြို့၊ သန်းဖိုရပ်ကွက်၊ လောပီတွင်းလမ်းရှိ ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၈ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာ စစ်ဆေးရေးဂိတ်တွင် သောင်းဆာမောင်းနှင်ကာ အောင်ဂျာနှင့် လဝမ်တို့လိုက်ပါလာသည့် AD VAN အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်နောက်ခန်း၌လိုက်ပါလာသည့် အောင်ဂျာနှင့် လဝမ်တို့မှာယာဉ်ပေါ်မှ ဆင်းခဲ့သော်လည်း သောင်းဆာမှာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးရာ မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအဝင် တောလမ်းတွင် ၎င်းမော်တော်ယာဉ်အား ရပ်တန့်ထားသည်ကိုတွေ့ရှိရကြောင်း၊ ယာဉ်ပေါ်မှငွေကျပ် ၄၇၃၈ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၅,၉၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ အမှတ်(၂)ရပ် ကွက်(တောင်)၊ သုမနလမ်း၊ အမှတ်(၇၅၃)၊ ပထမထပ်နေ မြတ်ကြည် (ခ) မောင်မောင် (ခ) ဟာဂျီ (ခ) အဒူလ်ကဖွား၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀၊ အိုက်စ် သုည ဒသမ ၂၁ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ အလားတူ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်နေ စိုင်းပန်းမောင်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား