နေပြည်တော် ၂၅ ဩဂုတ်

 

နိုင်ငံတော်အရေးပေါ်ရိက္ခာ ဆန်များအား Export တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားလာပါက ပြည်သူများသို့ အရေးပေါ်ရိက္ခာများ ချက်ချင်းဖြန့်ဝေနိုင်ရန်အတွက် ပြည်ပတင်ပို့မည့် ဆန်၏ ၁၀ ရာခိုင်နှုန်းကို အရေးပေါ်ရိက္ခာအဖြစ် နိုင်ငံတော်သို့ ပေးသွင်းသည့်စနစ်ဖြင့် ဝယ်ယူထားသည့် အရေးပေါ်ရိက္ခာဆန်များအား ပြည်တွင်း၌ ရောင်းချနိုင်မည့်ပမာဏ၊ ပြည်ပသို့တင်ပို့ရန် Exporter များသို့ ရောင်းချမည့်ပမာဏနှင့် နိုင်ငံတော်၌ ထားရှိမည့် အရေးပေါ် ဆန်ပမာဏတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်