စစ်တွေ ၂၅ ဩဂုတ်

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် စစ်တွေမြို့နယ်အတွင်း Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် ငွေကျပ် ၅၉၈,၁၄၀,၀၀၀ ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

စစ်တွေမြို့တွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease-2019 (COVID-19) ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိလာရသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စစ်တွေမြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ Covid-19 ရောဂါထိန်းချုပ်ရေးအတွက် စစ်တွေမြို့နယ်အတွင်း Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ အိမ်ထောင်စု ၂၉၉၀၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၉၈,၁၄၀,၀၀ဝ အား ထောက်ပံ့နိုင်ရန် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

 

အဆိုပါထောက်ပံ့ငွေများကို  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လွှဲပြောင်းပေးအပ်ခဲ့ရာ စစ်တွေခရိုင် Coronavirus Disease-2019 (COVD-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးမှ လက်ခံရယူသည်။

 

နေ့လယ်ပိုင်းတွင်း စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်အတွင်းရှိ Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)