နေပြည်တော် ၂၅ ဩဂုတ်
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်များက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်တင်ပြမှု အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရခိုင်ပြည်နယ်၌ ယခုလ (၁၆) ရက်နေ့၌ တွေ့ရှိသော လူနာမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေမှုအား မသိရှိမီကာလတွင် ခရီးသွားလာမှုများပြားကာ ထိတွေ့ခဲ့သူများပြားခဲ့သည့်အတွက် ယခုကဲ့သို့ အစကနဦး၌ ကိုဗစ်-၁၉ လူနာများ များပြားနေခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်နေသဖြင့် မကြာခင်ကာလတွင် ထိန်းချုပ်နိုင်မည်ဟု ယူဆပါကြောင်း။
ဗဟိုမှ ကွင်းဆင်းအဖွဲ့ကလည်း ဤကပ်ရောဂါဖြစ်စဉ်ကို အချိန်နှင့် တစ်ပြေးညီ သုံးသပ်လျက်ရှိပြီး လိုအပ်သည့် ကာကွယ်ထိန်းချုပ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုမှ ဆက်လက်၍လည်း အထောက်အကူပြုအဖွဲ့များ ထပ်မံစေလွှတ်သွားမည် ဖြစ်ပါကြောင်း၊ ရောဂါပျံ့နှံ့မှုအတိုင်းအတာနှင့် ပျံ့နှံ့နေမှုပုံစံကို ပိုမိုတိကျစွာသိရှိနိုင်ရန်နှင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းများကို စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်အတွက် လူအများနှင့်ထိတွေ့မှုများ ပြားသော လူအုပ်စုများနှင့် ကူးစက်နိုင်ချေမြင့်မားသော လူအုပ်စုများအတွင်း ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ယာယီစခန်း (IDP camp)များနှင့် ပြန်လည်လက်ခံရေးစခန်းများ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နိုင်ချေမြင့်မားသဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးအလေးထား အားထည့်၍ ဆောင်ရွက်ရန် အသေးစိတ်ညွှန်ကြားထားပြီး ပြည်နယ်အစိုးရနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ အရေးပေါ်ကွပ်ကဲမှုဌာနဖွင့်လှစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကွပ်ကဲမှုဌာနနှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်း၍ ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ ဘက်စုံခြုံငုံ ဆန်းစစ်သုံးသပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမိုမိုကျော်မင်းက ရခိုင်ပြည်နယ်တွင် ယနေ့နံနက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၈၀) ဦးတွေ့ရှိခဲ့မှု၊ မြန်မာနိုင်ငံတွင် လက်ရှိ၌ စောင့်ကြည့်လူနာ အားလုံး၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူအားလုံးနှင့် အသွားအလာကန့် သတ်ထားသူများအား ဓာတ်ခွဲစစ်ဆေးနေမှု၊ ဓာတ်ခွဲနမူနာစစ်ဆေးမှုနှင့် လူနာတွေ့ရှိမှု အချိုး၊ စစ်တွေဆေးရုံတွင် GeneXpert စက် (၂) လုံးဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေနှင့် စစ်တွေမြို့တွင် လူနာသစ်များတွေ့ရှိရမှု အခြေပြမြေပုံ၊ လူနာများ၏ ကျား/မ၊ အလုပ် အကိုင်၊ အသက်အရွယ်၊ ရောဂါလက္ခဏာ ဆန်းစစ်သုံးသပ်မှုတို့ကိုလည်းကောင်း၊ ကူးစက် ရောဂါဗေဒဆိုင်ရာဆရာဝန် ဒေါက်တာဝေလျှံဖြိုးမောင်က ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့သူများအား ရှာဖွေထောက်လှမ်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ဆန်းစစ်တွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ ကူးစက်ရောဂါဗေဒဆိုင်ရာပညာရှင်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်များက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်ကာ အကြံပြုဆွေးနွေးရာတွင် ယခုလ (၁၆) ရက်နေ့မှ ယခုအထိ တွေ့ရှိရသော ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ၏ ရောဂါလက္ခဏာ တွေ့ရှိချက်များအရ "စောင့်ကြည့်လူနာအဖြစ် အဓိပ္ပာယ်သတ်မှတ်ချက်"ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များနှင့် အညီမွမ်းမံပြင်ဆင်ရန်၊ ဆေးရုံအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုမှု၊ အသွားအလာ ကန့်သတ်ရာနေရာတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု တို့အပြင် လူထုအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်လုပ်ဆောင်ရန်၊ သတင်းအချက်အလက် ပို့ဆောင်ချိတ်ဆက်မှုစနစ်အား ယခုထက် ပိုမိုလျင်မြန်ကောင်းမွန်စေရေးအတွက် အားဖြည့်ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လာသူများအား (၂) ပတ်တာကာလ ဆက်လက်၍ အသွားအလာ ကန့်သတ်ခြင်းလုပ်ဆောင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများတွင်ဆိုင်ရာ လိုက်နာဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဆန်းစစ်မှု၊ ပံ့ပိုးမှုနှင့် မွမ်းမံမှုများ ပြုလုပ်ရန်၊ မိမိအိမ်တွင်သာ နေထိုင်ရန် လုပ်ငန်းများတွင် ရပ်ကွက်များတွင် လူထုအခြေပြု စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ထိရောက်မည်ဖြစ်မှု စသည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်း စစ်သုံးသပ်ကာ အကြံပြုမှုများလုပ်ဆောင်ကြသည့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ အကြံပြုချက်များအား အလေးထားစဉ်းစား၍ အရေးတကြီးဆောင်ရွက်သင့်သည့်အချက်များကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများထံ အသိပေး၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားရှာဖွေ ထောက်လှမ်းခြင်းနှင့် ဓာတ်ခွဲစစ် ဆေးခြင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ စစ်တွေမြို့မှ အခြားမြို့များသို့ သွားရောက်သူများအား ရှာဖွေထောက်လှမ်းကာ အသွားအလာ ကန့်သတ်ခြင်းတို့ကို ယခုထက်ပိုမိုအားဖြည့်ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
စစ်တွေမြို့နယ်ရှိ ရပ်ကွက်များနှင့် အခြား ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိရာ မြို့နယ်များတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို အသံချဲ့စက်အသုံးပြုကာ တစ်နေ့လျှင် အနည်းဆုံး (၅) ကြိမ်အထိလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲအနေဖြင့် ရရှိလာသော ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ သတင်းအချက်အလက်များအား ဘက်စုံဆန်းစစ်မှုများ ပြုလုပ်ကာ လိုအပ်သော အကြံပြုချက်များပေးခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို ပြုစုထုတ်ပြန်ပေးရမည် ဖြစ်ပါကြောင်း၊ ရပ်ကွက်များ၊ လမ်းများ၊ ဈေးများတွင် လူများ သွားလာလှုပ်ရှားနေမှုနှင့် စည်းကမ်းလိုက်နာမှု အခြေအနေများကို စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်ကာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြံပြုချက်များ ပေးအပ်ရမည်ဖြစ်ပါကြောင်း၊ ယာယီစခန်း (IDP camp) များနှင့် ပြန်လည်လက်ခံရေးစခန်းများတွင် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းအပြင် အဖျားရောဂါဆေးခန်းများ ကိုပါ စနစ်တကျဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ သံသယ လူနာများ ရှိ/ မရှိ စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နှင့် ပိုမိုပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ရာတွင် "နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ"၊ "နိုင်ငံပြင်ပသို့ တရားမဝင်သွားရောက်ကာ ပြန်လာသူများ" ထံမှ ရောဂါကူးစက်နိုင်သဖြင့် ၎င်းတို့ကိုတွေ့ရှိပါက ရပ်ရွာပြည်သူများက သက်ဆိုင်ရာသို့ သတင်းပေးပို့စေရေး အထူးအလေးထား တိုက်တွန်းနှိုးဆော်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


