နေပြည်တော် ၂၅ ဩဂုတ်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၅၂)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံစီးပွားရေးဝန်ကြီးများက လက်ရှိကမ္ဘာနှင့် ဒေသတွင်း ပြောင်းလဲတိုးတက်မှုများ၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးအပေါ် သက်ရောက်မှုများ၊ အာဆီယံစီးပွားရေးအသိုက်အဝိုင်းကို အကောင်အထည်ဖော်ပြီးစီးမှုများ၊ ဗီယက်နမ်နိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ကုသထိန်းချုပ်ရေးနှင့် စီးပွားရေးကုစားမှုအစီအစဉ်များကို ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ရေးဆွဲ၍ တစ်မျိုးသားလုံး လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံနှင့် အနာဂတ်တွင်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေစာချုပ်ချုပ်ဆိုရန် အလားအလာရှိသည့် နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှု အခြေအနေများ၊ စည်းမျဉ်းအခြေခံကုန်သွယ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုများ၊ အေအီးစီကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည်။
အဆိုပါအစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက ဒေသတွင်း ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ စားသုံးသူ ကာကွယ်ပေးရေး၊ Electronic Commerce၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးများသို့ အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသဘာပတိ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Tran Tuan Anh နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှစီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


