နေပြည်တော် ၂၅ ဩဂုတ်
အားကစားတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများအား ကစားနှင့်ကာယပညာ သိပ္ပံကျောင်း အုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယနေ့မှစတင်၍ ပြုလုပ်မည့် လုပ်ငန်းစဉ်များသည် လွန်စွာအရေးကြီးပါကြောင်း၊ အားကစားဖွံ့ဖြိုးလာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းများ နှင့်နှစ်စဉ်အသေးစိတ် ဆောင်ရွက်ရမည့်လုပ်ငန်းများ တင်ပြရန် လိုအပ်ပါကြောင်း၊ ယခုအခါ (၅)နှစ်အတွင်း ပြုလုပ်မည့် လုပ်ငန်းစဉ်များကို ယေဘုယျ တင်ပြကြရန်၊ ယခုဆောင်ရွက်မည့် အစီအစဉ်များတွင် အဆင့်(၂)ဆင့်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် ပြည်နယ်နှင့်တိုင်းများဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများတွင် အားကစားနှင့် ကာယပညာ ကော်မတီအဖွဲ့ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ဝန်ကြီးချုပ်များဦးဆောင်၍ လူမှုရေးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင် ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ မိမိတို့ဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများအနေဖြင့်လည်း ထိုသို့ပံ့ပိုးမှုအားကို ယူ၍ မိမိတို့ဒေသရှိ လူ့စွမ်းအားအရင်းအမြစ်များ၊ အခြေခံအဆောက် အအုံများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်သော ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့များသည် တင်ပြလာသည်များကို စီစစ်၍ ကောင်းမွန်သော အစီအစဉ်သစ်တစ်ခုရေးဆွဲပြီး ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် မိမိတို့၏ အားကစားလုပ်ငန်း အတွေ့အကြုံများ၊ စိတ်ကူးများ၊ အကြံဉာဏ်များဖြင့် မိမိတို့ဒေသ၊ မိမိတို့ဌာနခွဲများအတွက် အကောင်းဆုံးဖြစ်စေရန် တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ စီမံ/ဘဏ္ဍာဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယှဉ်/လေ့(၁)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယှဉ်/လေ့(၂)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်ပြောကြားရာတွင် အကြောင်းအရာကိစ္စများကို ဆောင်ရွက်ရာတွင် သေချာစွာ သုသေသနပြု၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထွက်ပေါ်လာသော ရလဒ်ပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထိုမှသာ ထွက်ပေါ်လာသော ရလာဒ်များနှင့် မြေပြင်ဖြစ်ပေါ်နေသောအခြေအနေကို နှိုင်းယှဉ်၍ အကောင်းဆုံး ထိရောက်သော နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်သူများမှ တင်ပြလာသည့် အစီအမံများနှင့်လို အပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


