ရွှေဘို ၂၅ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဖုန်းခိုးယူသူ (၄)ဦးအား ခိုးရာပါ ဖုန်းမျိုးစုံ (၁၉)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးသူ ခေါင်းဆောင်သော နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံ(၈)လမ်းထိပ် လမ်းမပေါ်တွင် ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်၊ မြတောင်ရပ်နေ ကျော်ဆန်းဦးထံမှ Oppo Reno 2F ဖုန်း(၁)လုံးနှင့် အမှတ် (၁၀)ရပ်ကွက် ဈေးကလေးရပ်နေ ရဲထက်အောင်ထံမှ Samsung Galaxy A50s ဖုန်း(၁)လုံးတို့အား တွေ့ရှိရပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ မပြနိုင်သဖြင့် ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ် (၁၀) ရပ်ကွက် ဈေးကလေးရပ်နေ ချစ်ဝိုင်းနှင့် ရပ်ကွက်တူ၊ မြတောင်ရပ်နေ ဆန်းဝင်းမောင်တို့အား ဩဂုတ် ၂၃ ရက်က ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းတို့(၄)ဦး ခိုးယူခဲ့သည့် ဖုန်းမျိုးစုံ (၁၇)လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဆန်းဦးပါ (၄)ဦးအား ရွှေဘိုမြို့မရဲစခန်းက အရေးယူဆောင်လျက်ရှိကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)