ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ်၊ ၉၆/၂ဝ၂ဝ

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၂၅ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ၊ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - covID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း အောက်ပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည် -

(က) ကျောက်ဖြူမြို့နယ်၊

(ခ) အမ်းမြို့နယ်၊

(ဂ) တောင်ကုတ်မြို့နယ်။

(ဃ) သံတွဲမြို့နယ်။

၃။ အဆိုပါ မြို့နယ် ၄ မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါ စည်းကမ်း ချက်များကို လိုက်နာရမည် -

(က) မိမိနေအိမ်တွင်သာ နေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန်သွားရောက်သူများ မပါ)

(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊

(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း(mask) တပ်ရန်၊

(င) တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့် ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်။

(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင်ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက်ခွင့် မပြုရန်ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။ ၆။ ဤအမိန့်သည် ၂၆-၈-၂၀၂၀ ရက်၊ နံနက် ၆ နာရီအချိန်မှ စတင်သက်ရောက်သည်။

(ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး