ညောင်ဦး ၂၆ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာ အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းပိတ်ထားစဉ်ကာလ အတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာ ဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်း သာယာ ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံမှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆင်စခန်း ပိတ်ထားသည့်ကာလအတွင်း ဆင်ဘူဖေးကျွေးသူ များပြားလာကာ အကြိမ်(၇၀)ကျော်ထိ ဆင်စာဘူဖေး ကျွေးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှ ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံမှ သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာ အဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြ ကြောင်း၊ တစ်နေ့စာ ဆင်ခုနစ်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလအတွင်း ဖုံးဖြင့်ဖြစ်စေ၊ ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း ၀၉၄၂၉၂၉၃၂၄၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


