ကန်ကြီးထောင့် ၂၆ ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပြည်သူများ ရောဂါကာကွယ်ရေး အသိ သတိအမြဲရှိနေစေ ရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့နံနက် ၉ နာရီက လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝေငှပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့မဈေးရှေ့ရှိ ဆိုင်ကယ် Taxi ယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့် ဖြတ်သန်း သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့ပြီး နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို စနစ်တကျလိုက်နာကြရန် အသိပညာပေး‌ပြောကြားခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် အသိပေးကြေညာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)