တောင်ကြီး   ၂၆   သြဂုတ်


COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Cs မျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ်ထောက်ပံငွေပေးအပ် ခြင်းကို သြဂုတ်(၂၆)ရက် နံနက်(၉)နာရီခွဲက လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်းဆောင် ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မြန်မာနိုင်ငံနှင့် တကွ ကမ္ဘာတဝှမ်းလုံးတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါကူးစက် ပြန့်ပွားလျက်ရှိသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့်တကွ နိုင်ငံတော်ရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လျက် ရှိပါကြောင်း၊ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP- COVID-19 Economic Relief Plan ကို ကဏ္ဍအသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရမှ စီစဉ်ရေးဆွဲဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးဧက(၁)သိန်း မျိုးသန့်ပွားများ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခု အပါအဝင်ဖြစ်ပါကြောင်း၊ ရှမ်းပြည်တွင်ဆောင်ရွက်မည့် မိုးစပါးမျိုးစေ့ထုတ်ဧက(၄၃၁၈)ကို မြို့နယ်ပေါင်း (၅၀)၊ ကျေးရွာပေါင်း(၂၅၉)ရွာမှာ တောင်သူ(၁၅၈၆)ဦးနှင့် ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ စုစုပေါင်း(၆၄၁.၄၀၄)သန်း ထောက်ပံ့ပေးသွားမည်ဟု သိရှိရပါကြောင်း၊

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)အနေဖြင့် မိုးစပါးဧက(၁၄၅၅) ကို မြို့နယ်ပေါင်း(၁၉) မြို့နယ်တွင် ကျေးရွာအုပ်စု (၈၅)ခုတွင် တောင်သူ(၅၇၆)နှင့် ဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပြီး မျိုးစေ့ထုတ်ဧက(၁၄၅၅) အတွက် မျိုးစေ့ဖိုး၊ အပင်ပြုစုခြင်း၊ မျိုးကွယ်ပယ်ခြင်း၊ မျိုးစေ့သန့်စင်ခြင်းစသည့် လုပ်အားခများ အတွက် စုစုပေါင်း(၂၁၆.၀၈၆၅)သန်းကို နိုင်ငံတော်မှ(၂)ကြိမ်ခွဲ၍ ထောက်ပံပေးသွားမည် ဖြစ်ကြောင်း၊ 

 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်(၆)ခရိုင်အတွက် ဒုတိယအကြိမ်အဖြစ်(၁)ဧကလျှင် ကျပ်(၆၅၀၀၀)နှုန်းဖြင့် ငွေကျပ် (၉၄.၅၇၅) သန်း ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခု နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အလေ အလွင့်မရှိအောင် အသုံးချ၍ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ဌာနမှဝန်ထမ်းများအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို မျက်ခြေမပြတ်တောင်သူများနှင့်အတူ ပညာပေး ကွင်းဆင်းဆောင်ရွက်ကြရန် မျိုးကွဲပယ်သည့် အချိန်များတွင်လည်း ကျွမ်းကျင်ပညာရှင်များနှင့် အတူတောင်သူများ အမြဲထိတွေ့နိုင်ရန် မှာကြားလိုကြောင်း၊ တောင်သူများအကျိုးအမြတ်ရှိပြီး ရရှိပြီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် စပါးမျိုးစေ့အရည်အသွေး ပြည့်မီသော မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် အရေးကြီးသည့် မျိုးကွဲပယ်ခြင်း လုပ်ငန်းအတွက် ထောက်ပံပေးအပ်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးတို့အတွက် တောင်သူကြီးများနှင့်အတူ စိုက်ပျိုးရေးဌာနဝန်ထမ်းများ၊ တာဝန်ရှိသူများအားလုံး တက်ကြွစွာ ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားသွားသည်။ 

 

ဆက်လက်၍ လားရှိုးခရိုင်၊ မိုးမိတ်ခရိုင်၊ ကျောက်မဲခရိုင်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင် တို့ရှိ မိုးစပါးမျိုးသန့်မျိုးစေ့ ထုတ်စိုက်ပျိုးမည့် တောင်သူများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့မှ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများ ကိုယ်စားဆုံကွယ်ကျေးရွာမှ ဦးထွန်းလှ က ကျေးဇူးတင်စကားပြောကြားကာ ဟူးမွန်မျိုးစေ့ ထုတ်မိုးစပါးစိုက်ကွင်းတွင် ပထမအကြိမ်မျိုးကွဲပယ်ခြင်းနှင့် ပေါင်းနုတ်ခြင်းကွင်း သရုပ်ပြမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)