ကျိုင်းတုံ ၂၆ သြဂုတ်    

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အထင်ကရ နောင်တုံကန် သာယာလှပရေးအတွက် နောင်တုံ ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေနုတ်မြောင်းများ ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ် ၁၉၉၆ သိန်း၊ တပ်မတာ်ကာကွယ်ရေးဦး စီးချုပ်၏  ထောက်ပံ့လှူဒါန်းမှုဖြင့် ဘိလပ်မြေ တန် (၁၀၀၀)၊ သံချောင်း တန် (၅၀)နှင့် ပြည်သူလူထု လှူဒါန်းမှုများဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

 

နောင်တုံကန်ပတ်လမ်း  အရှည်ပေ ၆၃၀၀၊ အနံ ၂၄ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို တင်ဒါအောင်မြင်သည့် နောင်တုံကုမ္ပဏီက ဇူလိုင်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကားရပ်နားမှုအဆင်ပြေစေရေး လမ်းအကျယ် ရနိုင်သမျှချဲ့ထွင်ရန်၊ ရေနုတ်မြောင်းများ ရေစီးဆင်းမှုကောင်းမွန်စေရန်၊ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်တိုင်များ၊ ဆက်သွယ်ရေးတိုင်များ၊ သစ်ပင်များ ရွှေ့ပြောင်းနိုင်ရန်၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရန်နှင့် ရေရှည်တည်တံ့ ကောင်းမွန်စေရေး ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၏ လမ်းညွှန် ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့၏ ကြီးကြပ်မှု၊ မြို့မိမြို့ဖတို့၏ အကြံပြုလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အနီးကပ်ကြီးကြပ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောင်တုံကန်သည် ကျိုင်းတုံမြို့၏ အထင်ကရမြို့ အထိမ်းအမှတ်ဖြစ်သည်နှင့်အညီ ပြည်တွင်း/ပြည်ပခရီးသွားများ အမြဲလာရောက်လည်ပတ်လျက်ရှိသည့် နေရာဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)