ရေကြည် ၂၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ရေကြည်မြို့နယ်အတွင်း စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရေကြည်မြို့ ပြည်သူ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်မှ ရေနံ့သာစိုက်ကွင်း စွန့်လွှတ်မြေ ၂၉၉ ဒသမ ၄၁ ဧက၏ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)အား ပေးအပ်ရာ မကျည်းလဟာကျေးရွာနေ တောင်သူ ဦးကျော်ဝင်းမှ လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ယာယီအတွင်းရေးမှူး ဦးသောင်းဆွေဝင်းတို့က ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်နေ ဒေါ်ခင်မျိုးဝင်းနှင့် ရေကြည်မြို့နယ် ကျားချောင်းကျေးရွာနေ ဦးခင်ဝင်းတို့အား ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ကို ပေးအပ်ခဲ့ပြီး စွန့်လွှတ်မြေများအား ပြန်လည်လုပ်ပိုင်ခွင့် ရရှိသူများကိုယ်စား ဦးကျော်ဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ဆန်းတင့်(ရေကြည်)


