မန္တလေး ၂၇ သြဂုတ်
ကိုဗစ်-၁၉ ၏ ထိခိုက်သက်ရောက်မှုဒဏ်ကို အများဆုံးခံခဲ့ရသူများအား အခြေခံ စားသောက်ကုန်နှင့် အစားအစာများကို METRO Wholesale Myanmar ၊ Sa Ba Street Food Tours နှင့် Food Not Bombs-Myanmar တို့က ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပန်းဆိုးတန်း၊ ရန်ကုန်ဘူတာကြီး၊ ဗိုလ်တစ်ထောင်၊ အရှေ့ဒဂုံ နှင့် လမ်း ၄၀ အနီးပတ်ဝန်းကျင်ရှိ ကပ်ရောဂါကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသောသူ သက်ကြီးရွယ်အိုများ၊ သတင်းစာနှင့် ပန်းများရောင်းချလျက်ရှိသည့် ကလေးငယ်များ၊ အခက်အခဲရင်ဆိုင်နေရသည့် မိသားစုများအတွက် အစားအစာများနှင့် စားသောက်ကုန်များကို သြဂုတ်လအတွင်းက လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
" အခုလို ကပ်ရောဂါကာလမှာ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေက ပိုအရေးကြီး လာပါတယ်။ METRO အနေနဲ့ ကိုဗစ်-၁၉ သက်ရောက်မှုဒဏ် အများဆုံး ခံစားနေရတဲ့ ဒေသခံတွေကို ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ်စွာတဲ့ အစားအစာနဲ့ စားသောက်ကုန်တွေကို အခုလို ထောက်ပံ့ပေးခြင်းအားဖြင့် ဒီကပ်ရောဂါကာလအခက်အခဲကို အတူတူရင်ဆိုင်ဖြေရှင်းသွားဖို့ သန္နိဋ္ဌာန်ချထား ပါတယ် " ဟု METRO Wholesale Myanmar ၏ CEO Jens Michel က ပြောသည်။
ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ အသုံးပြုထားသော အသင့်စား နေ့လည်စာ ထမင်းဘူးများနှင့် အတူ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ အစရှိသည့် စားသောက်ကုန်များကိုလည်း လိုအပ်သူများထံသို့တိုက်ရိုက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြန်လည်လျှော်ဖွပ် အသုံးပြု၍ရသော ချည်ထည်နှာခေါင်းစည်း အခု ၄၀ဝ ကျော်ကိုလည်း ဝေငှခဲ့ကြောင်း သိရသည်။
မေသက်ထား


