ပန်းတောင်း ၂၇ ဩဂုတ် 

 

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပန်းတောင်းမြို့နယ်အတွင်း ၂၀၀၆ ခုနှစ်တွင် မြန်မာ့မီးရထားမှ ကြံခင်း ပခုက္ကူ  ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း ကြံခင်း-ဉသျှစ်ပင် သရက် ရထားလမ်းပိုင်း တွင် ပါဝင်သွားသော တောင်သူများ၏ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်မိုးထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း၊ မြန်မာ့မီးရထားမှတာဝန်ခံ ဦးအေးသိန်းတို့က အမှာစကားပြောကြားခဲ့ပြီး ရွှေပင်ရပ်ကွက်၊ မကြီးထုံးအုပ်စု၊ တောင်ဘွေအုပ်စု၊ နတ်မောက် အုပ်စု စသည့် ကျေးရွာအုပ်စု (၁၁)အုပ်စုတို့မှ တောင်သူ (၃၁၆)ဦး၊ စွန့်လွတ်မြေဧက (၃၆၁ ဒသမ ၂၃)ဧကအတွက် မြေယာလျော်ကြေးငွေစုစုပေါင်း(၆၂၈ ဒသမ ၆၄)သန်းကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများမှ အသီးသီး လက်ခံရယူခဲ့ ကြောင်း သိရသည်။

 

 

အခမ်းအနားသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြန်မာ့မီးရထားမှတာဝန်ခံ ဦးအေးသိန်း၊ အင်ဂျင်နီယာမှူး ဦးတင်ထွဋ်နှင့် မြန်မာ့မီးရထားမှဝန်ထမ်းများ၊ ရွှေပင် ရပ်ကွက်၊ မကြီးထုံးအုပ်စု၊ တောင်ဘွေအုပ်စု၊ နတ်မောက်အုပ်စုစသည့် ကျေးရွာအုပ်စု (၁၁)အုပ်စု  စုစုပေါင်းအင်အား (၇၀)ခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။

 

 

သင်းသင်းအေး(ပြန်/ဆက်)