ညောင်ဦး  ၂၇  ဩဂုတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွားကားလမ်းမကြီးဘေး ဝဲ/ယာတွင်တည်ရှိကာ ဒေသခံကျေးရွာများရှိ တောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်း လုပ်ကိုင်နေကြကာ ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ရန်ကုန်ပြောင်းဖူးပွဲစားများနှင့် မန္တလေးမြို့မှ ပွဲစားများ လာရောက်ဝယ်ယူမှု မရှိခြင်းကြောင့် ပြောင်းဖူးဈေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာ စိုက်ပျိုးကြကာ တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း၊ မြစ်ရေတင်ဖြင့် စိုက်ပျိုးကြသည့် တောင်သူများရှိသလို၊ မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ ရေသွင်းစိုက်ပျိုးကြသည့် တောင်သူများလည်းရှိကြောင်း၊ သကြားပြောင်းဖူးနှင့် အစီး(စေး)ပြောင်းဖူး နှစ်မျိုးသာအများဆုံး စိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူးလည်း စိုက်ပျိုးကြကြောင်း သိရသည်။

 

ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင် ပုံထားကာ လမ်းသွား၊ လမ်းလာကားများမှ ဆင်းဝယ်၍ ရောင်းချရသလို၊ မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်း တောင်းပွဲစားများမှ လာရောက်ဝယ်ယူကြသလို၊ ပလင်းကမ်းသာယာဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပြောင်းဖူး ပွဲစားများ လာရောက်ဝယ်ယူရာတွင် ကားဖြင့်တစ်ခါလာရောက်ဝယ်ယူလျှင် ပြောင်းဖူးတစ်သောင်းမှ သုံးသောင်းထိ အဖူးရေဖြင့် ရောင်းချရကာ ယခုလအတွင်း ပြောင်းဖူးများ လှိုင်လှိုင်ပါ်ချိန် ပြောင်းဖူးတစ်ဖူး ၈၀ ကျပ်ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး(၈၀၀)ကျပ်ဖြင့် ရောင်းချနေရကာ ပြောင်းဖူးဈေး အနိမ့်ဆုံးသို့ ထိုးကျနေခြင်းကြောင့် ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန် စိုက်ပျိုးစရိတ်ပင် မရရှိတော့ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

 

မိုးရာသီတွင် ပြောင်းဖူးစိုက်လျှင် ရက်(၉၀)ဖြင့် ပြောင်းဖူးရရှိကာ၊ နွေရာသီ စိုက်ပျိုးချိန်တွင် (၇၅)ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သစ်ထောင့်ကျွန်း အုပ်စုရှိ ပြောင်းဖူးစိုက် တောင်သူများ ပြောင်းဖူးဈေး ဈေးနှုန်း အနိမ့်ဖြင့် ရောင်းချနေရကြောင်း ပြောင်းဖူးများ အထွက်နှုန်းကောင်းမွန်ပြီး အထွက်များပြားခြင်းကြောင့် ရန်ကုန်၊ မန္တလေးပြောင်းဖူး ပွဲစားများ လာရောက်ဝယ်ယူမှုနည်းပါးနေကြောင်း ပြောင်းဖူးစိုက် တောင်သူများက ပြောကြားသည်။

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း