မိုင်းပျဉ်း ၂၇ သြဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို သြဂုတ် ၂၆ ရက် ညနေ ၃ နာရီ က အောက်စျေးတန်းရပ်ကွက်ရှိ မသန်စွမ်းသူ ၉ ဦးအား တာဝန်ရှိသူများက ကာယကံရှင်များ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်ထက်ဝေ နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ခင်မို့မို့ထွန်းတို့က အောက်စျေးတန်းရပ်ကွက်ရှိ မသန်စွမ်းသူ ၉ ဦး တို့အား နိုင်ငံတော်၏ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် တုံတာမြို့၊ မိုင်းပျဉ်းမြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၁၀) စု အတွင်းရှိ မသန်စွမ်းသူ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၉၄၀၀၀၀ ကို မသန်စွမ်းသူ အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၉၀ တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်


