လှိုင်းဘွဲ ၂၇ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် အတွက် ပြည်သူများအား အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့ လူသွားလူလာများသော နေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျနေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်သော ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား အခမဲ့ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အပြင်ထွက်တိုင်း Mask တပ်ဆင်လာခြင်း မရှိသည့် ပြည်သူများအား Mask တစ်ခုလျှင်ကျပ် (၅၀၀) နှုန်းဖြင့် ဝယ်ယူအသုံးပြုစေခြင်းအား ဆောင်ရွက်သွားမည် ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


