လှိုင်းဘွဲ ၂၇  ဩဂုတ်  

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲ​ပြောင်း အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမင်းသိန်းမှ အဖွင့်အမှာစကား ​​ပြောကြားပြီး ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ ဒေါ်အေးမြနန္ဒာထွန်းက ဒုတိယနှစ်စက်ဝန်းစီမံကိန်းတွင်​ ဆောင်ရွက်ခဲ့​သော လုပ်ငန်းများအ​ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမင်းသိန်းက ဒုတိယနှစ်စက်ဝန်းတွင်​ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့​သော လုပ်ငန်းများအား သက်ဆိုင်ရာဌာနအသီးသီးသို့ လွှဲ​ပြောင်း​ပေးအပ်ခဲ့​သည်။

 

အဆိုပါ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် ​ကျေးရွာအုပ်စု (၇၀)အုပ်စု ​ ကျေးရွာ(၂၀၆)ရွာမှ ရန်ပုံငွေ ကျပ်သန်း (၄၃၃၀)ဖြင့် လမ်းလုပ်ငန်း (၁၃၀)၊ တံတားလုပ်ငန်း (၁၃)ခု၊ ​​ကျေးလက်ရေရှိ​ရေး (၇)ခု၊ ပညာ​ရေးအ​ဆောက်အဦ (၅၅)ခု၊ ကျန်းမာ​ရေးအ​ဆောက်အဦ (၂)ခု၊ ​ကျေးလက်မီးလင်း​ရေး (၂၁)ခု၊ ​ကျေးရွာ အ​ဆောက်အဦ(၄) ခုနှင့် အခြားဖွံ့ဖြိုး​ရေးလုပ်ငန်း (၄)ခု စုစု​ပေါင်း လုပ်ငန်း(၂၃၆)ခု အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ ယခုလိုလွှဲ​ပြောင်း​ပေးအပ်ခြင်းဖြစ်​ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)