ကျောက်ဆည်  ၂၇   ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေများလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန်အတွက် ကျေးရွာ(၁၃)ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ယခုအခါ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောတွင်အုပ်စု၊ သပြေသာကျေးရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီသွားပြီ ဖြစ်သောကြောင့် ကျေးရွာပြည်သူများ ပျော်ရွှင်လျှက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် အရှည်ပေ ၁၉၉၀ ၊ အကျယ် ၁၂ ပေရှိ ကျေးရွာတွင်း လမ်းမကြီးအား မြေသားထု(၃)လက်မနှင့် ဂျင်းမြေ(၈ ဒသမ ၅)လက်မ ထပ်ပိုးလွှာခင်းကာ အဆင့်မြှင့်တင်ပြီး လမ်းမကြီးဘေး ဝဲ၊ယာတွင် ရေနုတ်မြောင်းတူးဖော်ခြင်း၊စိုက်ပျိုးရေများ သုံးစွဲရာတွင် အခက်အခဲဖြစ်နေသည့် ရွာနှင့်ဘုန်းတော်ကြီး ကျောင်းကြားရှိ အရှည်ပေ(၃၂၀)ပေရှိ၊ စိုက်ပျိုးရေသုံး မြောင်းအား အကျယ်(၁)ပေခွဲ၊ အနက်(၁)ပေ  ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာ ပြည်သူများ၏ လုပ်အားဖြင့်ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

 

ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သောကြောင့် အဆိုပါကျေးရွာသည် ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး လုပ်ငန်းများလုပ်ဆောင်ရာတွင် ကျေးရွာပြည်သူများ၏ လုပ်အားကို အသုံးပြု သောကြောင့် ပြည်သူများလည်း မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။ 

 

သက်မောင်(ကျောက်ဆည်)