ညောင်ဦး  ၂၇  ဩဂုတ်


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ Quarantine ထားရှိသူများမှ Swab စစ်ဆေးရန် ကျန်ရှိသည့်စောင့်ကြည့်လူ ခြောက်ဦး၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မန္တလေးမြို့သို့ စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ပရဟိတအသင်းများထံမှ သိရသည်။


ညောင်ဦးမြို့ ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ ပြည်ပမှပြန်လည်ရောက်ရှိသူတစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ပြန်လည် ရောက်ရှိသူ (၁၁) ဦး စုစုပေါင်း (၁၂) ဦးရှိပြီး ပြည်ပမှ ပြန်လည်ရောက်ရှိသူ တစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိသူ ငါးဦးတို့မှာ စစ်ဆေးပြီး ဖြစ်၍ ပိုးမရှိ Negative အဖြေထွက်ထားပြီး ကျန်ခြောက်ဦးတို့အား ယမန်နေ့က Swab စစ်ဆေး ရယူလျက် ရှိသည်။


စစ်ဆေးရယူပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ ပြန်လည် ရောက်ရှိသူ ခြောက်ဦး တို့၏ Swab များအား ညောင်ဦးမြို့ ကရုဏရှင် လူမှုကူညီရေးအသင်းကားဖြင့် ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ သွားရောက်ပို့ဆောင်လျက်ရှိပြီး Quarantine ထားရှိသည့် စောင့်ကြည့်လူနာ (၁၂) ဦးလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။


ကျော်မင်းဦး(ရေနံချောင်း)