မုံရွာ ၂၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ အထက်ပိုင်းမြို့နယ် များသို့ မုံရွာမြို့မှ ပြေးဆွဲလျက်ရှိသော ခရီးစဉ်များ၊ ကုန်စည်များ တင်ဆောင်ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ သြဂုတ်လ(၂၉)ရက်တွင် ပြန်လည်ပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ သိရသည်။
ချင်းတွင်းမြစ်ရေသည် မြစ်ရေကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မုံရွာမြို့မှ ချင်းတွင်းအထက်ပိုင်း မြို့နယ်များသို့ ပြေးဆွဲလျက်ရှိသော ရေယာဉ်များကို သြဂုတ်လ(၂၁)ရက်မှစတင်ပြီး ခရီးစဉ် ပြေးဆွဲခြင်းများကို ရပ်နားထားခဲ့ရာ ယခုအခါတွင် ချင်းတွင်းမြစ်ရေသည် မုံရွာမြို့အပါအဝင် မြစ်ကြောင်းတစ်လျောက်ရှိ မြို့နယ်များတွင် စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းလာသဖြင့် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“ခရီးစဉ်ပြေးဆွဲမှုတွေကို မြစ်ရေကြီးမြင့်မှုအခြေအနေအရ သြဂုတ်လ(၂၁)ရက်မှ (၂၃)ရက်အထိ(၁)ကြိမ်၊ (၂၄)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ(၁)ကြိမ်၊ ဒီကနေ့ကနေ (၂၈)ရက်နေ့အထိ တစ်ကြိမ် စုစုပေါင်း (၃)ကြိမ်မှာ (၈)ရက်အထိ ပိတ်ထားတယ်၊ အခုအချိန်မှာ အထက်ပိုင်းက မြို့တွေမှာက စိုးရိမ်ရေအမှတ် အောက်ကို ရောက်ကုန်ကြပြီ၊ မုံရွာမြို့မှာလည်း (၉၈၀)စင်တီမီတာအောက် ရောက်တာနဲ့ ခရီးစဉ် ပြေးဆွဲမှုတွေကို အမြန်ဆုံး ပြန်လည်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်၊ ချင်းတွင်းမြစ်ကြောင်းက မုံရွာမြို့ကနေ ချင်းတွင်းအထက်ပိုင်း မြို့နယ် တွေကို စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး စတဲ့ ကုန်တွေပို့ဆောင်တယ်၊ ခရီးသည်တွေသွားလာတာ ကုန်ကျစရိတ် သက်သာပြီး အဆင်ပြေတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် ရေကျတာနဲ့အမြန်ဆုံး ပြန်လည်ပြေးဆွဲခွင့်ကို ပေးသွားမှာဖြစ်ပါတယ်”ဟု မုံရွာမြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်း က ပြောသည်။
မုံရွာမြို့ချင်းတွင်းဆိပ်ကမ်းမှ အထက်ပိုင်းဒေသများသို့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်(၁၉)သင်းတွင် အစီးရေ(၄၅၂)စီး လူစီးအမြန်ရေယာဉ် (၈)သင်းမှ အစီးရေ(၁၃၄)စီးဖြင့် ကုန်စည်နှင့် ခရီးသည်များကို အထက်အောက် စုန်ဆန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


