ညောင်ဦး ၂၇ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့ ၊ အမှတ်(၁)ရပ်ကွက် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က စက်လှေတစ်စင်း ကမ်းစပ်သို့ ရပ်နားရန်ပြုစဉ် ကျောက်ချရပ်နားထားသော သင်္ဘောကို တိုက်မိရာမှ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခန့်က စက်လှေမောင်း ဦးမြတ်လေး မောင်းနှင်လာသော စက်လှေသည် ညောင်ဦးမြို့နယ် ခြောက်ဘုရားလှဘက်မှ စက်တင်၍ စက်လှေမောင်းပါ လူ ၁၆ ဦး စီးနင်း လိုက်ပါသော မိသားစုအပျော်စီးအဖြစ် မောင်းနှင်လာခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ညောင်ဦးမြို့၊ အမှတ်(၁) သာယာဝတီရပ်ကွက် ဧရာဝတီမြစ်ဆိပ်တွင် ရပ်နားရန်ပြုစဉ် ကျောက်ချရပ်နားထားသော သင်္ဘော(၃)စင်း အနက် အလယ်သင်္ဘော၏ ထိပ်ဦးပိုင်းနှင့် တိုက်မိပြီး မထိန်းနိုင်ဘဲ နစ်မြုပ်သွားခဲ့သည်။
စက်လှေအနီးရှိ စက်လှေ လုပ်ငန်းလုပ်ကိုင်သူများနှင့် ရပ်ကွက်နေပြည်သူများက ချက်ချင်းဝိုင်းဝန်းကူညီ ဆယ်ယူခဲ့ရာ စီးနင်းလိုက်ပါလာသူ ၁၆ ဦးအနက် ၁၄ ဦးကို ဆယ်ယူနိုင်ခဲ့ပြီး ညောင်ဦးမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်းက ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးစစ်ဆေးရန် ကူညီပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် မိမိတို့နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူ (၂)ဦးအား ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စက်လှေလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ည ၈ နာရီခွဲထိ ကြိုးပမ်းရှာဖွေသော်လည်း ရှာဖွေမတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ရှာဖွေမတွေ့ရှိသေးသော လူ(၂)ဦးအား ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများက ကြိုးပမ်းရှာဖွေလျက်ရှိကြောင်း သိရပြီး စက်လှေတိမ်းမှောက်ခဲ့မှုနှင့် ပက်သက်၍ စက်လှေမောင်းသူ ဦးမြတ်လေးကိုအား ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)