နေပြည်တော် ၂၇ ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အတွင်း ကားမှန်များအားခွဲ၍ ယာဉ်အတွင်းမှ ပစ္စည်းများအား ခိုးယူသွားသူအား ဖော်ထုတ်ဖမ်းဆီးရမိပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ ဘုန်းပြည့်ဖြိုးသည် ဩဂုတ် ၁၇ ရက် ည ၈ နာရီ ၃၅ မိနစ်က ရန်ကင်းမြို့နယ်၊ (၅)ရပ်ကွက် ပညာဝတီလမ်း၌ ၎င်းပိုင် 3K/xxxx Mark II ယာဉ်အားရပ်တန့်၍ မြန်မာပလာဇာသို့ ဈေးဝယ်သွားပြီးပြန်လာစဉ် ယာဉ်၏ နောက်တံခါးမှန်အသေးမှာ ကွဲနေသည်ကို တွေ့ရှိခဲ့သဖြင့် ယာဉ်အားစစ်ဆေးရာ ယာဉ်အတွင်းထားရှိခဲ့သည့် hp အမျိုးအစား Laptop ၁ လုံးမှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးရန် တိုင်တန်းချက်အရ ရန်ကင်းမြို့မရဲစခန်း (ပ)၆၆၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့်လည်းကောင်း။

 

အလားတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်နေ မဖြူရတနာကျော်သည် ဩဂုတ် ၁၆ ရက် ည ၉ နာရီ ၂၅ မိနစ်က ရန်ကင်းမြို့နယ်၊ (၁၄)ရပ်ကွက်၊ သစ္စာလမ်းနှင့် ကျောင်းလမ်းထောင့်၌ ၎င်းပိုင် 1M/xxxx Suzuki Swift ယာဉ်အားရပ်တန့်၍ စီးတီးမတ်သို့ ဈေးဝယ်သွားပြီးပြန်လာစဉ် ယာဉ်၏ ဝဲဘက်မှန်မှာကွဲနေသည်ကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးရာ ယာဉ်အတွင်းထားရှိခဲ့သည့် ငွေစက္ကူရောရာငွေကျပ် ၁၅၀,၀၀၀ ခန့်နှင့် ပလက်တီနမ်ဆွဲကြိုး ၁ ကုံး စုစုပေါင်းတန်ဖိုးငွေကျပ် ၃၃၀,၀၀၀ ခန့်တို့မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးရန် တိုင်တန်းချက်အရ ရန်ကင်းမြို့မရဲစခန်း (ပ)၆၆၁/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့်လည်းကောင်း အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါအမှုများနှင့်ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက CCTV မှတ်တမ်းများဖြင့် ကျူးလွန်သူအား ဖမ်းဆီးရမိရေးစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်နေ ခင်မောင်ချစ် (ခ) ရဲဘော်ကြီးဖြစ်ကြောင်း သိရှိရပြီး ၎င်းအား မိတ္ထီလာမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ ၎င်း၏မိခင်နေအိမ်၌ hp အမျိုးအစား Laptop ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ အမှုဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား