ရန်ကုန် ၂၇ ဩဂုတ် 

 

ရခိုင်ပြည်နယ်၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလတစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်းအမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၂၅)ဦးတို့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။

 

ယခုသွားရောက်သည့် စေတနာ့ဝန်ထမ်းများမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် အတွေ့အကြုံရှိပြီး Community Based Facility Quarantine Center များ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်ကာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်း ဆရာဝန်များမှ လေ့ကျင့်သင်ကြားပေးသော စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း တက်ရောက်ပြီးသည့်သူများ၊ စေတနာ့ဝန်ထမ်းဂုဏ်ပြုကတ်ပြား ရရှိပြီးသူများ ဖြစ်ကြသည်။

 

ရခိုင်ပြည်နယ်သို့ သွားရောက်သည့် စေတနာ့ဝန်ထမ်းများ၏ စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ (National Volunteer Steering Unit)မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

အဆိုပါ စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဓါတ်ခွဲနမူနာများကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် စစ်ဆေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများဖြစ်ကြောင်း သိရှိရသည်။

 

MDN