နေပြည်တော် ၂၇ သြဂုတ်
ဖြူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြူးမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒေသခံပြည်သူတစ်ဦးချင်းထံ ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မဲစာရင်းတိကျမှန်ကန်ရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့သို့ ရောက်ရှိကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပသည့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဌာနအနေဖြင့် သစ္စာစီမံချက် ရေးဆွဲကာ တိုင်းဒေသကြီး /ပြည်နယ်အသီးသီးရှိ ဒေသခံပြည်သူများ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ယခင်ကာလ ဆောင်ရွက်မှုများအတွက် ပိုမိုတိုးတက်ထုတ်ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် မိမိတို့ဌာနအပါအဝင် ဆက်စပ်ဌာနအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် မဲစာရင်းတွင် ပါဝင်သူများကို ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် ကတ်ပြားတစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံး စေရေးအတွက်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ထို့အပြင် မိမိတို့ဌာနအနေဖြင့် အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကာလအတွင်း သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုအပေါ် ဒေသအာဏာပိုင်များနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆက်စပ်ဌာနများနှင့် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် နိုင်ငံသားတစ်ဦးစီ၏ ရပိုင်ခွင့်များ ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးဆောင်ရွက်နေမှုနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပဲခူးမြို့နယ်အတွင်း၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူ တစ်ဦးချင်းထံ ပေးအပ်ကြသည်။
ယနေ့တွင် ဖြူးမြို့နယ်၊ ကျားသောင်နှင့် အုတ်ဖြတ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူ (၁၆၁)ဦးကို လည်းကောင်း၊ ပဲခူးမြို့၊ ဘိုကုန်းရပ်ကွက်မှ ဒေသခံပြည်သူ (၁၄၈)ဦးကို လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်း/ ခရိုင်/ မြို့နယ်ဦးစီးမှူးများအား ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ သန်းခေါင်စာရင်း ကောက်ယူထိန်းသိမ်းရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားများအတွက် အရေးကြီးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဌာနသည် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ရသင့်ရထိုက်သူများအား ကိုက်ဆောင်သင့် သည့် မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ လူတစ်ဦးချင်း နံပါတ်တစ်ခုစီ ထုတ်ပေးနိုင်ရေးလုပ်ငန်းဖြစ်သည့် Unique IDလုပ်ငန်း၊ eIDစနစ်လုပ်ငန်း၊ e-Passportလုပ်ငန်း စသဖြင့် အီလက်ထရောနစ် စနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ ဌာန၏ဦးစားပေး လုပ်ငန်းမှာ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးနှင့် နိုင်ငံသားကတ်မရှိသူများ ထုတ်ပေးနိုင်ရေးလုပ်ငန်းပင် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အတွက် မှတ်တမ်းမှတ်ရာ စာရင်းဇယားများရေးသွင်းသည့် သမ္မဇဉ် လုပ်ငန်းများကိုလည်း မမေ့မလျော့ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဌာန၏လုပ်ငန်းများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားသည်။
သတင်းစဉ်


