ရန်ကုန် ၂၇ ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လှုံဆော်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းရပ်ကွက်၊ ရေဆင်းစျေး၊ ြည်စံအောင်ရပ်ကွက်၊ ပြည်စံအောင်စျေးပုပ္ပါးကုန်းရပ်ကွက်နှင့် ဒိုးပင်ခုံးကျေးရွာတို့တွင် ဇေယျာသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဌေးလှိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀)ဦးတို့သည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းနှင့် အသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ ယနေ့တွင် ဩဂုတ် ၂၇ ရက်က ရခိုင်ပြည်နယ်၊ ​မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း၊ စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်ရန်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(၅၀၀)ခု ပေးဝေခြင်းတို့ကို မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်​အေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးက ဌာနဆိုင်ရတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များသည်  စစ်တွေမြို့ရှိ အ​ဝေးပြေးကားဂိတ်၊ တက္ကသိုလ်ကျောင်းတက်လမ်း၊ ဆတ်ရိုးကျတံတားဂိတ်နှင့် ကျေးရွာ(၅)ရွာတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းတို့ကို ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

ပဲခူးတိုင်းဒေသကြီး  ပြည်မြို့ရှိ နဝဒေးတံတားတွင် ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်

 

ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေး အသင်းအဖွဲ့များနှင့်ပူးပေါင်းကာ တောင်ကြီးမြို့သို့ ဝင်ရောက်လာသော ခရီးသည်များအား စစ်ဆေးသည့်နေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းခရီးသည်စာရင်းကောက်ခံခြင်းများကို ကူညီဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် မြို့နယ်တွင် မီးပွိုင့်လမ်းဆုံနှင့် မြို့အဝင်တံတားအနီး လမ်းဆုံတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှု မရှိသူများအား  အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်

 

ဝင်းအောင်(MRCS)