၂၇ ဩဂုတ် 

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအကျော့အပြီးမှာပင် နည်းပြချုပ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့သည်။

 

ရန်ကုန်အသင်းသည် ဦးတင်မောင်ထွန်းကို နည်းပြချုပ်တာဝန်မှ ရပ်နားခဲ့ပြီး နည်းပြသစ်အဖြစ် ဦးမင်းထွန်းလင်းကို အစားထိုးခန့်အပ်ခဲ့သည်။ 

 

ရန်ကုန်အသင်းသည် ပထမအကျော့နောက်ဆုံးပွဲအဖြစ် ဟံသာဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားအပြီး တစ်ရက်အကြာ သြဂုတ် ၂၇ ရက်တွင် နည်းပြအပြောင်းအလဲပြုလုပ်ကြောင်း တရားဝင်ကြေညာခဲ့ခြင်းဖြစ်ပြီး ယခင် နည်းပြချုပ်ဟောင်း ဦးတင်မောင်ထွန်းကို ရန်ကုန်အကယ်ဒမီတွင် ပြောင်းလဲတာဝန်ယူစေမည်ဖြစ်သည်။ 

 

ရန်ကုန်အသင်းသည် နည်းပြချုပ်သစ်ဖြစ်သူ ဦးမင်းထွန်းလင်းကို တစ်နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် ဒုတိယအကျော့အဖွင့်ပွဲဖြစ်သော ရတနာပုံအသင်းနှင့်ပွဲတွင် စတင်တာဝန်ယူရမည်ဖြစ်သည်။

 

ဦးမင်းထွန်းလင်းသည် ၂၀၁၈ ရာသီတွင် ဇွဲကပင်အသင်းကို တတိယနေရာရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေသူဖြစ်သည်။ 

 

ဦးမင်းထွန်းလင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆိုထားသောကြောင့် ရန်ကုန်အသင်းတွင် တာဝန်ယူရန် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့သည်။ 

 

ယခင်နည်းပြချုပ်ဟောင်း ဦးတင်မောင်ထွန်းသည် ၂၀၁၉ ရာသီဝက်တွင် ရန်ကုန်အသင်း ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးခဲ့သောကြောင့် ရာသီကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရသော်လည်း တစ်နှစ်မပြည့်မီမှာပင် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။

 

ရန်ကုန်အသင်းသည် ၂၀၂၀ ရာသီ ပထမအကျော့အပြီးတွင် ကိုးပွဲကစား ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၁၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး AFC cup ပြိုင်ပွဲတွင် သုံးပွဲကစား ခုနစ်မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။

 

သတင်း-ညီမြတ်သော်တာ