နေပြည်တော် ၂၇ ဩဂုတ် 

 

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊   အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ပြုလုပ်သည့် စာအုပ်မိတ်ဆက်ဖြန့်ချိပွဲသည် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ အဓိကဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊ မိတ်ဆက်ခြင်းသည် အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိဖို့ စာအုပ်များကို မိတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည်    အစိုးရနှင့် အများပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးသည့် ဌာနဖြစ်သည်ဟု ခံယူပါကြောင်း၊   မိမိတို့ဝန်ကြီးဌာနသည် အများပြည်သူကို သတင်းအချက်အလက်ပေးရန်၊ အသိပညာပေးရန်၊  ဖျော်ဖြေပေးရန်တာဝန်များကို ထမ်းဆောင်ပါကြောင်း။ 

 

ယခုစာအုပ်စာတမ်းများသည် အများပြည်သူကို သတင်းအချက်အလက်ပေးရန် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံတော်အစိုးရသည် အများပြည်သူက ရွေးကောက်တင်မြှောက်သည့် အစိုးရဖြစ်သည့်အားလျော်စွာ အများပြည်သူကို ပြန်လည်အစီရင်ခံဖို့ တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်သည့်နေရာတွင်လည်း မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် ကြားမှ ပေါင်းကူးဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။ 

 

ယနေ့တွင် မိတ်ဆက်မည့် စာအုပ် ၁၇ အုပ်ရှိပါကြောင်း၊ စာအုပ် ၁၇ အုပ်ထဲတွင် နိုင်ငံတော်အကြီးအကဲများ ပြောကြားခဲ့သည့် မိန့်ခွန်းများပါရှိပါကြောင်း၊ ခရီးစဉ်များ ပါရှိပါကြောင်း၊ ထို့ပြင် ၁ နှစ်တာ ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များလည်း ပါပါကြောင်း၊ သို့ဖြစ်၍ စာအုပ်တစ်ခုချင်းစီအကြောင်း အနည်းငယ် မိတ်ဆက်ပြောကြားလိုပါကြောင်း။ 

 

ပထမဆုံးမှာ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းများနှင့် လမ်းညွှန်စကား၊ သဝဏ်လွှာများ စုပေါင်းထုတ်ဝေသည့် စာအုပ် အတွဲ ၂ အုပ် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများဖြစ်ပြီး နောက်တစ်အုပ်မှာ ၂၀၁၉ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ လမ်းညွှန်စကားနှင့် သဝဏ်လွှာများ ဖြစ်ပါကြောင်း။ 

 

ထို့ပြင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် ပြောကြားခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်နှစ်တာကာလအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများ စုစည်းထုတ်ဝေထားခြင်းဖြစ်ပါကြောင်း၊  ပြီးသည့်အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၆ ခုနှစ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၊  အမှာစကားနှင့် သဝဏ်လွှာများ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အမှာစကားများ၊ သဝဏ်လွှာများ  ဖြစ်ပါကြောင်း၊  ၂၀၁၉ ခုနှစ်တွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  အများပြည်သူသို့ ပြောကြားခဲ့သည့် စာအုပ်လည်း ပါရှိပါကြောင်း။ 

 

မိမိတို့အနေဖြင့် တတ်နိုင်သမျှ အပြည့်အစုံဖြစ်အောင် လုပ်ထားပါကြောင်း၊ မိန့်ခွန်းအပြည့်အစုံ ရတာရှိသလို တချို့က မှတ်တမ်းယူပြီး အသံဖိုင်လုံးကောက်ဖော်၍ လုပ်ရတာရှိပါကြောင်း၊ တစ်ခါတစ်ရံမှာ အများပြည်သူနှင့် တွေ့ဆုံသည့်အခါ မေးမြန်းဖြေကြားခြင်းများ ရှိပါကြောင်း၊ ယင်းတို့ကိုပါ တတ်နိုင်သမျှ ပြည့်စုံအောင် စုစည်းထားပါကြောင်း။ 

 

ယင်းမိန့်ခွန်းများကို ဖတ်ရှုခြင်းအားဖြင့် နိုင်ငံတော်အကြီးအကဲများ၏ အတွေးအမြင်၊ အယူအဆ၊ သူတို့၏ နိုင်ငံရေးနှင့် ပတ်သက်သည့် ခံယူချက်၊ ယုံကြည်ချက်၊ သူတို့ ကိုင်စွဲထားသည့် လမ်းစဉ်များကို သိရှိနိုင်သလို အသေးစိတ်ကိစ္စအသီးအသီးနှင့် ပတ်သက်ပြီး ပြောခဲ့ဆိုခဲ့သည်များ၊ သဘောထားများကိုလည်း တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း။ 

 

ဌာနအသီးသီးတွင် လုပ်ကိုင်နေသည့်ပုဂ္ဂိုလ်များအတွက် လေ့လာမှတ်သားစရာဖြစ်သလို တက်ရောက်သည့် သတင်းမီဒီယာသမားများအတွက်လည်း   ကိုးကားစရာ အထောက်အထားဖြစ်မည်ဟု မြင်ပါကြောင်း။ 

 

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံအနှံ့အပြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုစလုံးကို ခရီးသွားခဲ့ပါကြောင်း၊ ခရီးသွားသည့်အခါ အများပြည်သူနှင့် တွေ့ဆုံပြီး စကားပြောခဲ့ခြင်းများလည်း ရှိပါကြောင်း၊ ၎င်းတို့ကို “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆-၂၀၂၀)” ဆိုပြီး ဒီနှစ်ထဲအထိ စုစည်းထားပါကြောင်း၊ မိန့်ခွန်းပေါင်းချုပ် မဟုတ်ဘဲ ခရီးစဉ်မှာ တွေ့ဆုံခဲ့သည့် မှတ်တမ်းဖြစ်ပါကြောင်း၊ ပြောဆိုခဲ့သည့် မိန့်ခွန်းအနည်းအကျဉ်းလည်း ပါရှိပါကြောင်း၊ ဒီကြားထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ကျင်းပသွားခဲ့တာရှိပါကြောင်း၊  စတုတ္ထအကြိမ်နှင့် ပတ်သက်သည့် မှတ်တမ်းက ပြုစု၍ မပြီးသေးသော်လည်း ပထမအကြိမ် အစည်းအဝေးမှတ်တမ်း၊ ဒုတိယအကြိမ် အစည်းအဝေး မှတ်တမ်း၊ တတိယအကြိမ် အစည်းအဝေးမှတ်တမ်းစာအုပ်များ ဖြစ်ပါကြောင်း၊  အစည်းအဝေးသာမကဘဲ တက်ရောက်လာသည့် မှတ်တမ်းမှတ်ရာ ဓာတ်ပုံများလည်း ပါဝင်ပါကြောင်း၊ ယင်းသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုသမိုင်း၊ (၂၁) ရာစုပင်လုံနှင့် ပတ်သက်သည့် သမိုင်းကို ကြည့်ချင်လျှင် ဒီစာအုပ်ကို ကိုးကားနိုင်ဖို့ ဖြစ်ပါကြောင်း။ 

 

အလားတူ အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တခြားပြည်ထောင်စုအဖွဲ့ အစည်းများ၏ ဆောင်ရွက်ချက်များအကြောင်းကို မှတ်တမ်းတင်သည့် စာအုပ်များလည်း ပြုစုခဲ့ပါကြောင်း၊ ထိုထဲတွင် ပြည်သူ့အတွက် ပထမ ရက် ၁၀၀ မှာ ဘာတွေဆောင်ရွက်နိုင်မလဲ၊ ဘာတွေ ဆောင်ရွက်မယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို တွေ့ဆုံမေးမြန်းထားပါကြောင်း၊ တွေ့ဆုံမေးမြန်းပြီး ဌာနအသီးအသီး၏ ပြောဆိုချက်များကို စုစည်းဖော်ပြထားပါကြောင်း၊ ရက် ၁၀၀ ကာလဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီးလည်း ဤအခန်းထဲမှာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း။ 

 

ထို့ပြင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ ပထမတစ်နှစ် ပြည့်မြောက်ချိန်တွင် ပြီးခဲ့သည့် (၁)နှစ်တာအတွင်း ဘာတွေ ဆောင်ရွက်ခဲ့သလဲဆိုတာတွေအတွက် အစီအစဉ် နှစ်ခုလုပ်ခဲ့ပါကြောင်း၊  တစ်ခုက ဝန်ကြီးဌာနပေါင်းစုံနှင့် သတင်းစာရှင်းလင်းပွဲများကို နှစ်ပတ်လောက် အချိန်ပေးပြီး  ပြုလုပ်ခဲ့ပါကြောင်း၊  ဒါကလည်း အစဉ်အလာတစ်ခု အစပျိုးခြင်း ဖြစ်ပါကြောင်း၊ သတင်းစာရှင်းလင်းပွဲများကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ဒီခန်းမထဲမှာ ကျင်းပပါကြောင်း၊ အဲဒီလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ကာလမှာပဲ  မြန်မာအသံနှင့်  ရုပ်မြင်သံကြား၊  သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ သတင်းသမားများက ဌာနဆိုင်ရာအကြီးအကဲများကို ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းပါကြောင်း၊  ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သလို သတင်းစာများတွင်လည်း အထူးကဏ္ဍအနေဖြင့်  ဖော်ပြပါကြောင်း၊ ဒါတွေသည် ဌာနအသီးသီး၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို စုစည်းထုတ်ဝေခြင်း ဖြစ်ပါကြောင်း၊ ပထမတစ်နှစ်တာ၊ ဒုတိယတစ်နှစ်တာ၊ တတိယတစ်နှစ်တာ၊ စတုတ္ထတစ်နှစ်တာ လေးအုပ်အထိ ရှိသွားပြီဖြစ်ပြီး  ပဉ္စမ တစ်နှစ်တာကတော့ ဒီနှစ်ကုန်သည့်အချိန်တွင် ထွက်ရှိမည်ဖြစ်ပါကြောင်း။ 

 

ယင်းစာအုပ်များထဲတွင်  ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အပါအဝင် ဝန်ကြီးဌာန အသီးသီး၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၏ ဆောင်ရွက်ချက်များလည်း ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း  သက်ဆိုင်ရာ  ဝန်ကြီးချုပ်များ၊ အခြားတာဝန်ရှိသူများကို မေးမြန်းပြီး ပြုစုထားခြင်း ဖြစ်ပါကြောင်း၊  နှစ်စဉ်စာအုပ်ထွက်တိုင်းလည်း ဌာနအသီးသီးကို ဖြန့်ဝေပါကြောင်း။ 

 

ယခုအခါမှာတော့ ပုံစံအသစ်နှင့် ဆင်တူဖြစ်အောင် ပြန်လည်ချုပ်လုပ်ဖြန့်ဝေခြင်း ဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရ၏ ၄ နှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေးဆောင်ရွက်ချက်များ (၂၀၁၆-၂၀၂၀) ပထမတွဲတွင်  ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏  ဆောင်ရွက်ချက်များ ပါရှိပါကြောင်း၊  ဌာနအသီးသီးမှ ရေးသားပြုစုပေးထားခြင်း ဖြစ်သည့်အတွက် မိမိတို့အတွက်ကတော့ အစိုးရ၏ မှတ်တမ်း စာအုပ်စစ်စစ်ဖြစ်သည်ဟု မြင်ပါကြောင်း၊ ဒုတိယတွဲမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပါဝင်ပါကြောင်း၊  ယခုစာအုပ်မှာ ရှေ့ပိုင်း ၄ နှစ်အတွက်ကို စုစည်းတင်ပြထားခြင်း ဖြစ်ပါကြောင်း၊  ဆက်လက်ပြီး ပဉ္စမတစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များ မှတ်တမ်းကို လာမည့်နှစ်မှာ ရေးသားပြုစုထုတ်ဝေပြီး နိုင်ငံတော်အစိုးရ၏ ၅ နှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆-၂၀၂၁) ပြည့်စုံမည်ဖြစ်ကြောင်း တင်ပြအစီရင်ခံပါသည်လို့ ရှင်းလင်းဖော်ပြထားပါကြောင်း။ 

 

မိမိတို့အနေဖြင့် နောက်နှစ်တွင် အစိုးရ၏ သက်တမ်း ၅ နှစ်ကာလ ဆောင်ရွက်ချက် အပြည့်အစုံကို ယခုလိုပင် မှတ်တမ်းတင်ပြီး စာအုပ်ထုတ်ဝေနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း။ 

 

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့်  ပတ်သက်ပြီး မှတ်တမ်းမှတ်ရာပြုနိုင်အောင်၊ အများပြည်သူ လေ့လာနိုင်အောင်နှင့် နောင်အရှည်မှာ လေ့လာမည့်သူများအတွက် မှတ်တမ်းတစ်စုတစ်စည်းတည်းရအောင် ယနေ့တွင် စုပေါင်း ဖြန့်ဝေခြင်းဖြစ်ပါကြောင်း၊ တချို့စာအုပ်များမှာ စောစောကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တချို့စာအုပ်များမှာ ယခုလပိုင်းတွင် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် မှတ်တမ်းစာအုပ်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဥပဒေပြုရေးမဏ္ဍိုင်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးကျော်စိုးအား လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးအား လည်းကောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသန့်စင်အား လည်းကောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး စိုးသန်းအား လည်းကောင်း၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမင်းကြည်ဝင်းအား လည်းကောင်း၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါ်မြဦးအား လည်းကောင်း၊ သတင်းမီဒီယာများ ကိုယ်စား လျှပ်တစ်ပြက်ဂျာနယ်မှ နေပြည်တော် တာဝန်ခံ ရဲရဲ(ပျဉ်းမနား)အား လည်းကောင်း ပေးအပ်သည်။


ယင်းနောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မုဒိတာ စကားပြောကြားသည်။

 

ယနေ့မိတ်ဆက်ဖြန့်ချိသည့် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၂၀၁၈) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ (၂၀၁၉) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် (၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၂၀၁၆) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ (၂၀၁၇) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊   (၂၀၁၈) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ (၂၀၁၉) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆ - ၂၀၂၀)၊ ပြည်သူ့အတွက် ပထမရက် (၁၀၀)၊ ပထမ တစ်နှစ်တာ၊  ဒုတိယတစ်နှစ်တာ၊ တတိယတစ်နှစ်တာ၊  စတုတ္ထတစ်နှစ်တာ၊ နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆ - ၂၀၂၀) (ပထမတွဲ) (ဒုတိယတွဲ)၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ (ပထမအကြိမ်) အစည်းအဝေး၊ (ဒုတိယအကြိမ်) အစည်းအဝေးနှင့် (တတိယအကြိမ်) အစည်းအဝေးမှတ်တမ်းစာအုပ်များ ဖြစ်သည်။

 

သတင်းစဉ်