မန္တလေး   ၂၈  ဩဂုတ် 

 

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်း ဝယ်ယူခွင့်ရရှိသူများတွင် လက်ငင်းစနစ်ဖြင့် ဝယ်ယူသူများ အနေဖြင့် တိုက်ခန်းတန်ဖိုးငွေအား ၂ ပတ်အတွင်း ပေးချေရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိတန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းများ ဝယ်ယူခွင့် ရရှိသူများအတွက် မဲနှိုက်ရောင်းချခြင်း အခမ်းအနားကို သြဂုတ် ၂၇ ရက် နံနက် ၉ နာရီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

 

"လက်ငင်းစနစ်နဲ့ ဝယ်ယူသူတွေက သွင်းရမည့်တိုက်ခန်းတန်ဖိုးငွေကို  ဩဂုတ် ၂၇ ရက်နေ့က စပြီး နှစ်ပတ်အတွင်း ရတနာပုံဘဏ်ကို အချိန်မီပေးသွင်းရမှာဖြစ်ပါတယ်။  အရစ်ကျဝယ်ယူသူတွေအနေနဲ့ ရတနာပုံဘဏ်၊ ဧရာဝတီဘဏ်၊ UAB Bank ၊AGD Bank တို့နဲ့ ချိတ်ဆက်ဝယ်ယူနိူင်မှာဖြစ်ပါတယ်"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ယခုလိုမဲနှိုက်ရောင်းချရာတွင် အုပ်စု(A)နိုင်ငံဝန်ထမ်းနှင့် အုပ်စု(D)ကမ္ပဏီ ဝန်ထမ်းများထဲမှ ပထမဦးဆုံး ပေါက်မဲအမည်ရှင်အား တိုက်ခန်းမြေညီထပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဝယ်ယူခွင့်ရရှိသူများ အနေဖြင့် တိုက်ခန်းဖိုး အာမခံကြိုတင်ငွေ ကျပ်သိန်း ၃၀ ပေးသွင်းရပြီး တိုက်ခန်းနေရာကို မဲစနစ်ဖြင့် နေရာချထား ရောင်းချပေးလျှက်ရှိရာ ဩဂုတ် ၁၀ ရက်နေ့က နိုင်ငံဝန်ထမ်း ၃၁၅ ဦး၊ အငြိမ်းစားဝန်ထမ်း ၆၉ ဦး၊  ပြည်သူလူထု ၇၄ ဦး၊ ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်း ၃၅ ဦး၊ စုစုပေါင်း ၄၉၃ ဦးကို မဲနှိုက်နေရာချထားပေးခဲ့သည်။

 

တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းဝယ်ယူရရှိသူများသည် တိုက်ခန်းရောင်းချမည့် ဈေးနှုန်း(၃)ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) မြေညီထပ်(၂၈၈ ဒသမ ၄)သိန်း၊ ပထမထပ်(၂၅၇ ဒသမ ၅)သိန်း၊ ဒုတိယထပ်(၂၃၁ ဒသမ ၇၅) သိန်း၊ တတိယထပ်(၂၁၁ ဒသမ ၁၅)သိန်း၊ စတုတ္ထထပ်(၁၉၅ ဒသမ ၇)သိန်း၊ ပဉ္စမထပ် (၁၈၀ ဒသမ ၂၅)သိန်းကို လက်ငင်းစနစ်ဖြင့် ဝယ်ယူသူများအနေဖြင့် ပေးသွင်းရမည့် တိုက်ခန်း တန်ဖိုးငွေအား ရတနာပုံဘဏ်သို့ ဩဂုတ် ၂၇ ရက်နေ့မှ နှစ်ပတ်အတွင်း အချိန်မီ ပေးသွင်းရမည်ဖြစ်သည်။

 

တိုက်ခန်းမဲနှိုက် ရွေးချယ်ပွဲသို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်ဆန်းမြင့်၊ ဦးခိုင်မြင့်၊ ဦးကျော်ဇေယျ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနဌာနမှုး ဦးဇော်ဝင်း၊ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ဌာနမှုး ဦးတင်ထွန်းဦး၊ စီမံရေးရာဌာန ဒုတိယဌာနမှူး ၊အဆောက်အအုံနှင့် ကုန်ရုံဌာန၊ ကွန်ပျူတာဌာန တို့မှ အရာထမ်းအမှုထမ်းများ၊ အုပ်စု(A)နှင့် အုပ်စု(D)တို့မှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူ နိုင်ငံဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

 

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတိုက်ခန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ရောင်းချလျှက်ရှိသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လက ပထမအကြိမ်အဖြစ် တိုက်ခန်းပေါင်း ၆၇၂ ခန်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လက ဒုတိယအကြိမ် အဖြစ် ၅၄၂ ခန်း၊ ရောင်းချပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် တတိယအကြိမ်အဖြစ် တိုက်ခန်းပေါင်း ၅၈၆ ခန်း ရောင်းချပေးပြီး စတုတ္ထအကြိမ်တွင် ၄၉၃ ခန်း ရောင်းချပေးသွားမည်ဖြစ်သည်။

 

ယမုံ