ကျိုက်မရော ၂၈ သြ ဂုတ်
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ချောင်းနှစ်ခွ ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းဆောင်နှစ်ခု ယနေ့နံနက် ၆ နာရီ ၄၅ မိနစ် အချိန်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်မှာ အထက်တန်းဆောင်ရှိ မိန်းခုံအား မိုးကြိုးထိမှန်ခဲ့သဖြင့် မိန်းခုံမှတစ်ဆင့် မျက်နှာကျက်သို့ကူးစက် လောင်ကျွမ်းခဲ့ပြီး ပင်မကျောင်းဆောင်နှင့် အုတ်ညှပ်နှစ်ထပ်ကျောင်းဆောင် နှစ်ခုလုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၅ စီး၊ မီးသတ် အင်အား ၁၂ ဦး၊ အရန် မီးသတ် ၁၈ ဦး စုစုပေါင်း မီးသတ်အင်အား ၃၀ တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အထက်တန်းကျောင်း ပင်မဆောင်ကြီးနှင့် အုတ်ညှပ်နှစ်ဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ရပြီး မီးလောင်မှုကြောင့် လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ချိုချို ( ပြန်/ဆက်)