ကျောက်ဆည် ၂၈  ဩဂုတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးဧက(၅၂၈၁၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါ စိုက်ပျိုးဧကများမှ ဧရာမင်းမိုးစပါးစိုက်ဧက (၃၈၁၀၆)ဧက ပါဝင်ကြောင်း သိရှိရသည်။

 

မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု  စီမံခန့်ခွဲရေးဦးစီးဌာနမှ ဇွန်လ (၁၅)ရက်နေ့က စတင်ပြီး  စပါးပျိုးထောင်ရေများကို ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်နှင့် ဇီးတောဆည် များမှ စိုက်ပျိုးရေများ ပေးဝေလျှက်ရှိရာ အဆိုပါစိုက်ပျိုးရေးများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် စိုက်ပျိုးရေ  ပေး ဝေသည့် မြောင်းအလိုက် တောင်သူများရေမှန်မှန် ရရှိစေရေး  ရေပေးဝေသည့်မြောင်းအလိုက် ဒေသခံတောင်သူ များဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချသူအဖွဲ့များ ဖွဲ့စည်းကာ မိုးစပါးများအောင်မြင်စေရေး နိုင်ဝင်ဘာ(၃၀)ရက် အထိ ရေများပေးဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

မိုးစပါးများ စိုက်ပျိုးရာတွင် မင်းရဲဆည် ရေသောက်စနစ်ဖြင့် (၅၉၃၀) ဧက၊ သင်းတွဲဆည် ရေသောက်စနစ်ဖြင့် (၁၀၁၃၀)ဧက၊ သင်းဒီးဆည် ရေသောက်စနစ်ဖြင့် (၉၈၇၃) ဧက၊ ထုံးကြီးဆည် ရေသောက်စနစ်ဖြင့် (၉၂၄၅) ဧက၊ စမာဆည် ရေသောက်စနစ်ဖြင့် (၈၀၃၂) ဧက၊ တမုတ်ဆည် ရေသောက်စနစ်ဖြင့် (၉၆၀၆) ဧက စုစုပေါင်း (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

သက်မောင်(ခရိုင်၊ပြန်/ဆက်)