ပုသိမ် ၂၈ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ပုသိမ်မြို့အနောက်ဘက် စိန်ကုန်းဘက်ကမ်းကို ငဝန်မြစ် ဖြတ်ကူး၍ ဆက်သွယ်ထားသည့် ပုသိမ်တံတား အမှတ် (၂)သည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီးဖြစ်သည်။
တံတားကြီး၏ ခံနိုင်ရည်ဝန်အားကို ဩဂုတ် ၂၂ ရက်နေ့က စစ်ဆေးရာတွင် ဆယ်ဘီးကားကြီး (၁၁) စီးနှင့် အသွားအပြန် အဆင်းအတက်၊ ရပ်တန့်မှုများဖြင့် အကြိမ်ကြိမ်စစ်ဆေးခဲ့သည်။
ယခုအခါ တံတား၏ ခံနိုင်ဝန်ကို စမ်းသပ်ရန် လူစီးကားငယ်ကလေးများကို စက်တင်ဘာ ၉ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ တံတားကြီးပေါ်မှ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားပြီး တံတားကြီးပေါ်တွင် လုံဝယာဉ်မရပ်ရပါ။ ၎င်းအပြင် ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား၊ အိုးဝေ၊ထော်လာဂျီ ယဉ်များ မောင်းနှင်ခွင့်မပြုသေးကြောင်း သိရသည်။
ထို့အပြင် တံတားကြီးပေါ်တွင် ပြည်သူများလမ်းလျှောက်ခွင့်ကို Load Test ကာလပြီးဆုံးမှသာ ခွင့်ပေးမည်ဖြစ်ကြောင်းနှင့် တံတားကြီးပေါ်တွင် မည်သူမျှ လမ်းလျှောက်ခွင့်ပြုမည် မဟုတ်ဟု သိရသည်။
အဆိုပါ ပုသိမ်တံတားအမှတ် (၂)သည် ယာဉ်သွားလမ်းအကျယ် (၂၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက် ၅ ပေစီ၊ တံတားအရှည် ပေ ၂၃၈၀၊ တံတား၏ ရေကင်းလွတ်အကျယ် ၄၁၆ ပေ၊ ရေကင်းလွှတ်အမြင့် ပေ ၆၀ ရှိပြီး၊ သံမဏိသံပေါင် ဂုံးကျော်တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။
ပုသိမ်တံတားအမှတ်(၂)ကို တံတားအထူးအဖွဲ့ (၁၆)ကတာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး၊ တံတားကြီးကို ၂၇ - ၁၀ -၂၀၁၈ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ (၂) နှစ် ကြာမြင့် ခဲ့ကြောင်းနှင့် တံတားကြီးလုံခြုံရေး၊ ခရီးသွားများ လုံခြုံရေးတို့အတွက် CCTV အလုံး သုံးဆယ်ကျော် တပ်ဆင်ထားရှိပြီး စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-မောင်မောင်မြင့်(ပြန်/ဆက်)


