လှိုင်းဘွဲ ၂၈ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေး ဆောင်ရွက်သည့် လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ မြို့မဈေးရှေ့၊ ပိုင်ကျုံလမ်းဆုံ၊ ဒိုင်းပြကျေးရွာ မြို့ဝင်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးကာကွယ် စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးကော်မတီ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ အနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျနေထိုင်ရန်၊ လက်များကို မကြာခဏ ဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား Mask တခုလျှင်(၅၀၀)ကျပ်နှုန်း ဒဏ်ငွေအဖြစ် ပေးဆောင်စေပြီး တပ်ဆင်စေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


