ဘားအံ ၂၈ သြဂုတ်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီက ဘားအံမြို့ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားရုံရှိ ရေဘေးရှောင်အိမ်ထောင်စုများအား အာဟာရဖြည့်စွက် နံနက်စာများ သွားရောက်လှူဒါန်းခဲ့သည်။
ဘားအံမြို့တွင် သံလွင်မြစ်ရေမြှင့်တက်လာမှုကြောင့် ဩဂုတ် ၂၄ ရက်နေ့မှစတင်ကာ ရေဘေးစခန်း ၆ ခု ဖွင့်လှစ် ပေးခဲ့ရပြီး အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၅၂၅ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကာ နေ့စဉ်နံနက်တိုင်း အာဟာရဖြည့်စွက် အစားအစာများ လှူဒါန်းပေးလျက်ရှိပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်များက စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းကလည်း ဘားအံမြို့ အမှတ်(၅)ရပ်ကွက် Cyclone Shelter ရှိ ရေဘေးရှောင်အိမ်ထောင်စုများအား အာဟာရ ဖြည့်စွက်နံနက်စာ ကြာဇံဟင်းခါး သွားရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်များက ရေဘေးရှောင် ပြည်သူများအား ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်နိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့်ကိစ္စရပ်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


