ကလေး ၂၈ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက်ယာဉ်လိုင်းဖြစ်သည့် ကလေး-မန္တလေး-ရန်ကုန် တိုက်ရိုက် ခရီးစဉ်များအဖြစ် ပြေးဆွဲလျက်ရှိသော Express ကားကြီးများသည် ကလေးမြို့တွင်း မောင်းနှင်ရာတွင် အရှိန်ပြင်းမောင်းနှင်သည့်အတွက် အရှိန်လျော့မောင်းရန် ဒေသခံပြည်သူများမှ လိုလားနေကြသဖြင့် ယာဉ်အန္တရာယ်မဖြစ်စေ ရန်ရှောင်တခင် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီ(မစက)မှ သိရသည်။
“COVID-19 ကာလဖြစ်လို့မကြပ်မတ်ဖြစ်တာကြာသွားတော့ Express ကားတွေက စည်းကမ်း နည်းနည်း ပျက်လာတယ်။ အထူးသဖြင့် မြို့တွင်းမှာဟွန်းဆက်တိုက်တီးပြီး အရှိန်ပြင်းမောင်းနှင်တဲ့ ကိစ္စတွေကို မကြာခင်မှာရှောင်တခင်ကြပ်မတ် စစ်ဆေးသွားမယ်။ မြို့တွင်းမှာသတ်မှတ်ကီလို နှုန်းအတိုင်းပဲ မောင်းသင့်တယ်။ အခုလိုအရှိန်ပြင်းမောင်းလာကြလို့ ယာဉ်အန္တရာယ်ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်နိုင်အောင် အရေးယူဖို့ စီစဉ်နေတာပါ ” ဟုကလေးမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းကပြောသည်။
ကလေးမြို့မှ မန္တလေး- ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော Expressကားကြီးများသည် နေ့စဉ် မွန်းလွဲ ၂ နာရီတွင် ကလေးမြို့မှ ထွက်ခွာလေ့ရှိကြပြီး ရန်ကုန်၊ မန္တလေးမြို့များမှ ကလေးမြို့တွင်းသို့ နံနက် ၁၀ နာရီနှင့် မွန်းလွှဲပိုင်းတွင်ဖြတ်သန်း မောင်းနှင်သွားလာလျက်ရှိကြသည်။ ထိုသို့မောင်းနှင်ကြရာတွင် အချို့ယာဉ်လိုင်းများမှ Express ကားကြီးများသည် ဒေသခံပြည်သူများ၏ ယာဉ်အန္တရာယ်ဖြစ်မည်ကို သတိမထားဘဲ ခရီးအမြန်ရောက်လိုမှုကိုသာ အားထားနေကြသောကြောင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်သဖြင့်Express ကားယာဉ် မောင်းများအနေဖြင့် သတိရှိစွာမောင်းနှင်ရန် လိုအပ်သလို အရှိန်လျှော့၍ မောင်းနှင်ကြရန်နှင့် သက်ဆိုင်ရာကလည်း ကြပ်မတ်ရန် ဒေသခံ ပြည်သူများက လိုလားနေကြခြင်းဖြစ်သည်။
“Express ကားကြီးတွေက ရန်ကုန်-မန္တလေး အမြန်လမ်းကျနေတာပဲ။ ဟွန်းတွေတီးပြီး တဟုန်ထိုး မောင်းတာ။ ဟွန်းသံကြားလို့ Express ကားကြီး လာနေတာမြင်ရင်ကိုလမ်းဘေး ထိကပ်နေရတယ်။ မြို့ထဲမောင်း တာကတော့ အရှိန်လျှော့မောင်းဖို့လိုတယ်ဗျာ။ မြို့တွင်းလမ်းတွေက အလိုလိုမှ ယာဉ်တွေက ရှုပ်ရတဲ့ထဲ မတော်လို့ များယာဉ်တိုက်မှုတွေ ဖြစ်သွားရင်နှစ်ဦးနှစ်ဖက် မကောင်းဘူး ” ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
ကလေးမြို့သည် အထက်ချင်းတွင်းဒေသသွားရာလမ်းဆုံမြို့နှင့်အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းမကြီး၏ ဖြတ်သန်းရာ အဓိကမြို့ဖြစ်သဖြင့် ယခုအခါ ယာဉ်စီးရေလည်း များပြားလာသကဲ့သို့ ယာဉ်တိုက်မှုများလည်း မကြာခဏဖြစ်ပေါ်လာကြောင်း၊ ခရိုင်မြို့ဖြစ်သည်နှင့်အညီ ယာဉ်အန္တရာယ် ကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရမည်ဖြစ်သဖြင့်ကလေးမြို့တွင်း အရှိန်ပြင်း မောင်းနှင်သော ခရီးသည်တင်မှန်လုံ Express ကားကြီးများကို မကြာမီ စတင်အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
ချင်းတွင်းသား


