တီးတိန်  ၂၈  သြဂုတ်  

 

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ပန်းသီးခင်းများ ယခုနှစ်ပန်းသီးအထွက်နှုန်း ကောင်းမွန် သော်လည်း ပန်းသီးထွားနှုန်း အားနည်း၍ အဆင့်မီဈေးကွက်ဝင်ဖြစ်မလာဘဲ အလုံးသေးငယ်သဖြင့် ဝယ်လိုအားနည်းနေကြောင်း ပန်းသီးစိုက်တောင်သူများထံမှ သိရသည်။

 

 “တီးတိန်မြို့နယ်မှာ ပန်းသီးဟာ ဒေသထွက်စိုက်ပျိုးသီးနှံ တစ်ခုဖြစ်ပါတယ်။ ပန်းသီး အထွက်နှုန်းကတော့ မကျပေမယ့် ဒီနှစ်နွေရာသီကာလမှာ အပူရှိန်ပြင်းတဲ့အချိန် ပန်းသီးအဖူးအပွင့် ထွက်လာလို့ ဆိုရမလား၊ ပန်းသီးအလုံး သေးသွားတယ်။ဈေးကွက်မှာလည်း ဝယ်လိုအားကျဆင်း သွားပါတယ်။ အခုအချိန်ထွက်ရှိတဲ့ ပန်းသီးဟာအိုင်ဝါ အမျိုးအစားဖြစ်ပါတယ်။ တောင်သူတွေ အဓိက စိုက်ပျိုးတဲ့ ပန်းသီးအမျိုးအစားကတော့ အိုင်ဝါ၊ ရူဘီခေါ် ကမ်းနန်၊  အော်သီး(Audi)၊အိုယိုကီနဲ့ ကုန်ဒေါင်းတို့ဖြစ်ပါတယ်။ ပန်းသီးက စက်တင်ဘာလကုန်အထိ ထွက်တာဖြစ်တဲ့ အတွက် နောက်အသီးတွေ လှရင်အရောင်းအဝယ် ကောင်းသွားမှာဖြစ်ပါတယ် ” ဟု တီးတိန်မြို့နယ် ဘွင်ကျေးရွာပန်းသီးစိုက်တောင်သူ ဦးဒိုဇနန်က ပြောသည်။

 

mdn

 

ချင်းပြည်နယ်တွင် ပန်းသီးခင်းကို တီးတိန်မြို့နယ်ဍ်အများဆုံးစိုက်ပျိုးမှုရှိပြီး ပြည်တွင်းပြည်ပဈေး ကွက် အထိအရောင်းအဝယ်ဖြစ်နေသော ချင်းတောင်ပန်းသီးမှာ ယခုနှစ်ပန်းသီးအထွက်နှုန်း ကောင်းမွန် သော်လည်း ရာသီဥတုပူးပြင်းစွာခံစားရသည့်အတွက်ကြောင့် ပန်းသီးအလုံးသေးငယ်ခြင်း ဖြစ်သည်။

 

 “တီးတိန်ဒေသ ပန်းသီးပင်တွေဟာ ကင်ကာ (Canker)လေကနေ တစ်ဆင့်ကူးတဲ့ ရောဂါကြောင့် ပန်းသီး တစ်နှစ်မှာ ၁၀ ဒီဂရီစင်တီ ဂရိတ်အောက်/အအေးဓာတ် နာရီပေါင်း ၇၀ဝ ခန့်လိုအပ်ပါတယ်။ အခုနှစ်မှာတော့ ရာသီ ဉတု ပူနွေးလာမှုကြောင့် တစ်နှစ် ၁၀ ဒီဂရီစင်တီဂရိတ်အောက် အအေးဓာတ် နာရီပေါင်း ၃၀ဝ ကနေ ၄၀ဝ ခန့်လောက်ပဲ ရရှိပါတယ်။ ဒါ့အပြင် မိုးရွာသွန်းမှု နောက်ကျတဲ့ အတွက်ကြောင့် ပန်းသီးတွေ အရင်နှစ်ထက် အလုံးသေးသွားတာဖြစ်ပါတယ် ” ဟု တီးတိန်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပန်းသီးကိုချင်းပြည်နယ် နေရာဒေသအနှံ့ စိုက်ပျိုးဖြစ်ထွန်းမှု ရှိသော်လည်း တီးတိန်မြို့နယ် ဘွင်၊ ဗန်တဲ့၊ လိုးဖေ၊ ဆွောင်းပီး၊ ဒိမ်ပီးနှင့်လေးဒေါ့ကျေးရွာများတွင် အများဆုံးစိုက်ပျိုးမှုရှိကြပြီး ဇွန်လဆန်းချိန်မှ စတင်၍ ပေါ်ဦး ပေါ်ဖျားပန်းသီးများကိုကလေးမြို့ ဈေးကွက်သို့အများဆုံး တင်ပို့ရောင်းချကြကြောင်း၊  ပန်းသီးကို ထင်းရှူးသေတ္တာဖြင့် ရိုက်၍ တစ်ဖက်နိုင်ငံ မြန်မာ- အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည်နယ်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှတစ်ဆင့်  ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့များနှင့် ချင်းတွင်းမြစ်ဖျား ဒေသသို့လည်းကောင်း အသီးသီးတင်ပို့ ရောင်းချကြကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)