နမ့်စန် ၂၈ ဩဂုတ်
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နမ့်လစ် ကျေးရွာအုပ်စု၊ လွယ်စန့်ကျေးရွာ၌ မြေသားလမ်းပြုပြင်ခြင်းနှင့် ဗြုန်းကျောက် ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှမ်းပြည်နယ် တောင်ပိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် တောင်ပိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ မြေသားလမ်းပြုပြင်ခြင်းနှင့် ဗြုန်းကျောက် ခင်းခြင်းဆောင်ရွက် ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များအား လမ်းရေရှည်တည်တံ့ ခိုင်မြဲစေရေးဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ကဆွေးနွေးမှာကြားသည်။
လွယ်စန့်ကျေးရွာတွင် မြေသားလမ်းပြုပြင်ခြင်းနှင့် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းမှာ အရှည် ၅၉၀၀ ပေ၊ အကျယ် ၁၂ ပေ ထု ၃ လက်မရှိပြီး ယခုဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဇူလိုင်လအတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ အိမ်ခြေ ၉၇ အိမ်မှ လူဦးရေ ၄၈၈ ဦးတို့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း ကပြောပြ၍ သိရသည်။
ငြိမ်းသူ


