တီးတိန် ၂၈  သြဂုတ် 

ချင်းပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးစုတို့ အားလုံး၏ ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သော ဂျပ်ခုတ်ရက်ကန်း ခတ်ပညာကို ရိုးရာပညာတစ်ရပ်အနေဖြင့် ချင်းတိုင်းရင်းသူ အားလုံးတို့ကို မဖြစ်မနေ လက်ဆင့်ကမ်း သင်ကြားပေးကာ ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

 

“ကျွန်မတို့ ချင်းတိုင်းရင်းသားတွေရဲ့ မိန်းကလေးအမျိုးသမီးတွေဆိုရင် ခြေဆင်းထိုင်ပြီး ချည်အကွက် ဖော်ထားတာကို ခါးမှာခါးပတ် ပတ်ချိတ်ဆွဲ၊ ခြေကန်ရက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဂျပ်ခုတ်ထည် တစ်ထည်ရဖို့ကို လေးလ၊ ငါးလအထိ ကြာနိုင်ပါတယ်။  ချင်းရိုးရာ ရက်ကန်းပညာဖြစ်တဲ့အတွက် စိတ်ဝင်စားမှု ရှိကြပါတယ်။ ဒီဇိုင်းပေါ် မူတည်ပြီး တစ်စုံကို ငွေကျပ်သောင်း ဂဏန်းကနေ သိန်းဂဏန်းအထိ ရှိကြတယ်။ အခုတော့ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မင်းတပ်၊ မတူပီဒေသတွေမှာ လက်ဆင့်ကမ်း သင်ကြားပေးနေတာရှိပါတယ် ” ဟု တီးတိန်မြို့နယ် ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေးကော်မတီမှ ဒေါ်နိန်ငိုက်ဟောက်က ပြောသည်။

 

ချင်းပြည်နယ်မှ ထွက်ရှိသည့် ချင်းရိုးရာ အဆင်ဆန်းများကို ရုပ်ရှင်မင်းသမီး သက်မွန်မြင့် ဝတ်လိုက်သည့်အခါ သက်မွန်မြင့် အဆင်၊ အဆိုတော် ဆုန်သင်းပါရ်ဝတ်ဆင်သည့် ချင်းရိုးရာအထည်ကို ဆုန်သင်းပါရ် အဆင်ဟု မြန်မာနိုင်ငံ ချင်းရိုးရာအထည်အရောင်းဆိုင်များတွင် အရောင်းသွက်လျက်ရှိပြီး ဈေးနှုန်းမြင့်သော်လည်း ရိုးရာဂျပ်ခုတ်ထည်များကို ခေတ်နှင့်အညီ ဒီဇိုင်းများတီထွင် ရက်လုပ်သည့် ဂျပ်ခုတ်ထည်များကို ဝယ်ယူဝတ်ဆင်သူများပြား လျက်ရှိသည်။

 

ချင်းရိုးရာဂျပ်ခုတ်ထည် ရက်ကန်းရက်လုပ်သည့် ပညာရပ်များတွင် တောတောင်များအတွင်း သဘာဝအလျောက်သော် လည်းကောင်း၊ စိုက်ပျိုးမှုမှ ရရှိသည့် ဝါဂွမ်းမှလည်းကောင်း၊ ချည်ထုတ်လုပ်ခြင်းပညာ သစ်ရွက်သစ်ခက်တို့မှ ထုတ်လုပ်ရရှိသည့် အရောင်ဆေးဆိုးပညာ၊ ချည်ခချည်ငင်၊ အကွက်ဖော်ရက်လုပ်မှုပညာတို့ ပါဝင်ကြောင်း သိရသည်။

ချင်းတွင်းသား