မင်းဘူး ၂၈ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ဩဂုတ် ၂၇ ရက်နေ့ ည ၇ နာရီခွဲအချိန်က မင်းဘူး-အမ်းကားလမ်းမပေါ်တွင် သစ်ပင်ပြိုလဲခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မင်းဘူးမြို့တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေကြီးအစို ဓာတ်ကြောင့် မြေပွ၍ ဩဂုတ် ၂၇ ရက်နေ့ ည ၇ နာရီခွဲအချိန်က လုံးပတ်(၂) ပေ၊ အမြင့်ပေ (၂၀)ခန့်ရှိ စိန်ပန်းပင်မှာ မင်းဘူး-အမ်း ကားလမ်းမပေါ်သို့ လဲကျစဉ် မြို့တွင်းမှ ရွှေမင်္ဂလာ ရပ်ကွက်သို့ ဆိုင်ကယ်မောင်းနှင်လာသော ဒေါ်သန်းသန်းဆင့်နှင့် မဖြူဖြူသက်တို့ သားအမိ နှစ်ဦးအပေါ်သို့ ပိနေခဲ့ကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသစ်ပင်လဲကျမှုကြောင့် ဒေါ်သန်းသန်းဆင့်နှင့် မဖြူဖြူသက်တို့ သားအမိ နှစ်ဦးတွင် ပွန်းပဲ့ဒဏ်ရာများနှင့် အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာများရရှိကာ မီးသတ် စခန်းမှ လူနာတင်ယာဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူ ခဲ့ရကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းထံမှ သိရသည်။
မောင်မောင်(မင်းဘူး)