လွိုင်ကော်  ၂၈  ဩဂုတ်

 

ကယားပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၁၂ ဦးရှိပြီး သေဆုံးသူမရှိဘူးဟု ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင် ထံမှ သိရသည်။

 

“ကယားပြည်နယ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အခုဖြစ်တဲ့ ၂၁၂ ယောက်ထဲမှာ ရောဂါအဆင့်အနေနဲ့ ပထမအဆင့် သွေးလွန်တုပ်ကွေးဖြစ်ခါစ သိပ်ပြီးတော့မဆိုးတဲ့ အဆင့်အနေနဲ့ ၁၇၃ ဦးရှိပြီး နည်းနည်းလေးပိုပြီးတော့ ပြင်းလာတဲ့ အဆင့်ကတော့ (၃၇) ဦးရှိတယ်။ ရောဂါနည်းနည်းပြင်းထန်တာက နှစ်ဦးပဲရှိပါတယ်။ သေဆုံးတဲ့လူနာကတော့ တစ်ယောက်မှမရှိသေးပါဘူး”  ဟု ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က ပြောသည်။

 

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေ လျော့နည်းသွားဖို့ ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာ၊ အရပ်ဖက် အဖွဲ့အစည်း၊ ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း  အဓိကကတော့ ဖုံး၊ သွန်၊ လဲ၊ စစ် ကို ပြည်သူလူထု၊ NGO, CBO, CsO တွေအားလုံး ကျန်းမာရေးဝန်ထမ်းတွေ အကုန်ပူးပေါင်းပြီးတော့ မိမိနေအိမ်ပတ်ဝန်းကျင်ရှိ ရေတင်တဲ့နေရာ၊ ရေလှောင်ထားတဲ့နေရာတွေကို စနစ်တကျ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ကြမယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးမှာဖြစ် ကြောင်း ဒေါက်တာဌေးလွင်က ပြောသည်။

 

ကယားပြည်နယ်အတွင်း ဇန်နဝါရီလမှ သြဂုတ် ၁၇ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ လွိုင်ကော်မြို့မှ ဖြစ်ပွားသူ ၁၁၈ ဦး၊ ဒီမော့ဆိုမြို့မှ ဖြစ်ပွားသူ (၂၈) ဦး၊ ဘောလခဲမြို့မှ ဖြစ်ပွားသူ (၁၃)ဦး၊ ဖားဆောင်းမြို့မှ ဖြစ်ပွားသူ (၄၆)ဦး၊ မယ်စဲ့မြို့မှ တစ်ဦးနဲ့ ရှားတောမြို့မှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ မရှိသေးကြောင်း သိရသည်။

 

“သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့ကျအောင် ကျန်းမာရေးဌာနကလည်း ကြက်ခြေနီအသင်း၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပြီး ကိုဗစ်ကာလဖြစ်နေတာကြောင့် လူစုလူဝေးမဖြစ်အောင် လုပ်ရှားဆောင်ရွက်နေတယ်။ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း” သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်သူ ဒေါက်တာ အောင်သူထက် က ပြောသည်။

 

သွေးလွန်တုပ်ကွေးရောဂါသည် ဖျားနာပြီး အစားကောင်းကောင်းမစားခြင်း၊ သတိလစ်ခြင်း၊ သွေးလန့်တဲ့လက္ခဏာ ဖြစ်ပေါ်ခြင်း၊ သွေးပေါင်ချိန်ကျခြင်၊ ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးခြင်း စသည့်လက္ခဏာဖြစ်ပေါ်နိုင်ပြီး အချိန်မှီ ကုသမှုမရှိပါက အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။

 

ကိုစိုင်း (လွိုင်ကော်)