နန်းယွန်း  ၂၈  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်း၊ ဒုံဟီး၊ ပန်ဆောင် မြို့နယ်များ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသောသူများအား အဖွဲ့သုံးဖွဲ့ခွဲပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။

 

နန်းယွန်းမြို့နယ်တွင် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၁၆ အုပ်စု၊  ဒုံဟီးမြို့နယ်တွင် ရပ်ကွက် ၃  ခု၊ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ပန်ဆောင်မြို့နယ်တွင် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၉ အုပ်စု စသည့် စုစုပေါင်းရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၅၇ အုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ၃၀,၀၀၀ ကျော်အား အဖွဲ့သုံးဖွဲ့ခွဲပြီး ကွင်းဆင်းဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသောရပ်ကွက်၊ ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နန်းယွန်းမြို့နယ်  ဦးစီးမှူးရုံးမှ သိရသည်။

မွှေးကြူဇင်