မတ္တရာ ၂၈ သြဂုတ်
ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ရှိ ဆေးဆိုင်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များတွင် စျေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ အဖွဲ့စုံဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထွန်း၊ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန္ဒာအောင်မြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာရန်နိုင်စိုးနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ မြို့မစျေးအတွင်းနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များ၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကိုဗစ်-၁၉ကာလ စားသုံးကုန်များ၊ ဆေးဝါးများ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိမရှိ စစ်ဆေးပြီး စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ စိစစ်တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဉပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြစ်မှုထင်ရှားပါ အနည်းဆုံး ထောင်ဒဏ် (၆) လမှ အများဆုံး ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ် (၅) သိန်းထက်မပိုသော ငွေဒဏ်ကိုလည်း ချမှတ်ခံရမည်ဖြစ်ကြောင်းကို စျေးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာထံမှ သိရသည်။
ထို့အပြင် အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေး ဉပဒေတွင် ပါရှိသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များနှင့် ကိုက်ညီမှုရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


