ရန်ကုန် ၂၈ ဩဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၊ ပင်လုံခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အေဂျင်စီများအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများကို ချိတ်ဆက်ပေးရန် အရေးကြီးပြီး ဂုဏ်သိက္ခာရှိသည့် အေဂျင်စီများ ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ယခုကဲ့သို့ တွေ့ဆုံခြင်းသည် အေဂျင်စီများ၏အရေးပါမှုကို အသိအမှတ်ပြုခြင်းပင် ဖြစ်ပါကြောင်း၊ ယခုဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် အေဂျင်စီများအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး အလုပ်ရှင်နှင့် အလုပ်သမားများ အကျိုးကိုသယ်ပိုး၍ ဝန်ဆောင်မှုပေးကြရမည် ဖြစ်ပါကြောင်း၊ အသင်းဝင်အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်ရန်နှင့် အသင်းဝင်များအနေဖြင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ အကြံပြုလိုသည်များရှိက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရသည့် အေဂျင်စီ တစ်ခုဖြစ်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များက လက်ရှိလုပ်ငန်းဆောင်ရွက်မှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် KB Bank မှ ဆောက်လုပ်နေသည့် CBT Test အဆောက်အဦ ဆောက်လုပ်နေမှုနှင့် ပြည်ပသို့ထွက်ခွာမည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် သက်သေခံ ကတ်ပြား(OWIC Card) ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ သင်တန်းခန်းမ၌ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်ပအလုပ်အကိုင်လမ်းညွှန်မှု သင်တန်းပို့ချနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား လိုအပ်သည်များ မှာကြား၍ အောင်မြင်မှု အထည်ချုပ်သင်တန်းခန်းမ၌ အထည်ချုပ်သင်တန်းလက်တွေ့ သင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


