နေပြည်တော် ၂၈  ဩဂုတ် 

 

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေအရ ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူများ အဖြစ် စိစစ် ဖော်ထုတ်သတ်မှတ်ခဲ့သည့် လူကုန်ကူးခံရသူ (၃၂) ဦးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူ အမျိုးသား ကလေး(၄)ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၃၆)ဦးအား ယနေ့တွင်  မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအမှတ်(၂)မှ တဆင့် ပြန်လည်လွှဲပြောင်း လက်ခံခဲ့သည်။ 

 

ယင်းသို့ လွှဲပြောင်းလက်ခံရာတွင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊  ညွှန်ကြားရေးမှူး၊ ဦးခင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဖြိုးဇော်ကိုကို၊ ခရိုင်လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်သူနိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မြဝတီ)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသား ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ပြည်သူ့ ဆေးရုံကြီး၊ မြဝတီမြို့တို့မှတာဝန်ရှိသူများ ပါဝင်သော အဖွဲ့ကထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး Mr.Waranon Yimmongkong ဦးဆောင်သည့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး နှင့် လူထုလုံခြုံရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံမှ လွှဲပြောင်းသည့် အထောက်အထား စာရွက်စာတမ်း များနှင့် လူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေနှင့် ၎င်းတို့၏ လုပ်ခလစာ စုစုပေါင်း (၁၇၃,၁၈၂) ဘတ်ကို လွှဲပြောင်းလက်ခံခဲ့သည်။

 

ပြန်လည်လွှဲပြောင်းလက်ခံပြီးသူ (၃၆) ဦးအား  မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာရှိ သဘာဝဓမ္မရိပ်သာတွင် (၂၁) ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိပြီး၊ နှာခေါင်းတို့ဖတ်နမူနာ ယူ၍ Coronavirus ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် လိုအပ်ပါက ဆေးကုသမှု ခံယူနိုင်ရေးဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက်မည်ဖြစ်ပြီး၊ (၂၁)ရက်ကာလအတွင်း လိုအပ်ချက်များ ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်း ဖြည့် ဆည်းဆောင်ရွက်မည်ဖြစ်သည်။ ၎င်းတို့အား မိဘနေရပ် ပြန်လည်စေလွှတ်အပ်နှံရာတွင် ၎င်းတို့ ရရှိလာသော ထောက်ပံ့ကြေးငွေနှင့် လုပ်ခလစာများအား တစ်ဦးချင်းစီအလိုက် ပြန်လည်ထုတ်ပေး မည့်အပြင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(Covid- 19 Economic Relief Plan (CERP) ရန်ပုံငွေဖြင့်  တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။  ယခုနှစ် အတွင်း ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ (၁၈၈)ဦးအား လွှဲပြောင်းလက်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)