ရန်ကုန် ၂၈ ဩဂုတ် 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ဗဟို ပုံနှိပ်စက်ရုံ အစည်းအဝေးခန်း၌ ကျင်းပသည့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယခင် နှစ်ပတ်ခန့်က ကျင်းပခဲ့သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ် မြောက်ရေး ကော်မတီတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ယင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသူများလည်း  များပြားလာခဲ့ပါကြောင်း၊ဆိုရှယ်မီဒီယာအပါအဝင် ဒစ် ဂျစ်တယ်မီဒီယာ အသုံးပြုမှု များပြားနေသည့်အချိန်တွင် ဒစ်ဂျစ်တယ် မီဒီယာနှင့် ပတ်သက်သည့် အသင်းအဖွဲ့တစ်ခုရှိပါက ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း။

 

 ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများမှာ ဒစ်ဂျစ်တယ်မီဒီယာနှင့် ဆက်စပ် နေသည့် ပုဂ္ဂိုလ်များဖြစ်၍ ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါကြောင်း၊ ဆက်လက်၍ အခြားပါဝင်သင့်၊ ပါဝင်ထိုက်သူများလည်း ပါဝင်လာစေရန် ဝိုင်းဝန်း ဆွေးနွေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ယနေ့ ဒစ်ဂျစ်တယ်မီဒီယာသည် အစဉ်အလာ မီဒီယာများထက် ပိုမိုလွှမ်းမိုးကျယ်ပြန့်လျက်ရှိကြောင်း၊ ပျံ့နှံ့မှုများပြားသကဲ့သို့ စီးပွားရေးအရလည်း ကြီးထွားလာနေသည်ကို အားလုံးတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ် တယ် မီဒီယာအသုံးပြုမှုသည် သတင်းကိစ္စအတွက်သာမကဘဲ ဖျော်ဖြေမှုများ၊ အွန်လိုင်း ရောင်းဝယ်မှုများအပြင် အခြားကဏ္ဍရပ် အများအပြားပါဝင်နေကြောင်း၊ အဆိုပါကဏ္ဍများ တွင် ကျွမ်းကျင်တတ်သိရန် လိုအပ်သကဲ့သို့ မူပိုင်ခွင့်ကိစ္စအပါအဝင် ပြဿနာများကိုလည်း ဖြေရှင်း ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။

 

ဒစ်ဂျစ်တယ်မီဒီယာဆိုင်ရာ နည်းပညာသစ်အသုံးပြုသည့် လုပ်ငန်းများကို နားလည် တတ်ကျွမ်းအောင် လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် ဆက်သွယ်လုပ်ကိုင်ရာတွင် ရသင့်ရထိုက်သည်များ ပြည့်ပြည့်ဝဝ ရရှိစေရန် အတွက် စုစည်းမှုအင်အားဖြင့် ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းတစ်ရပ် လိုအပ်ကြောင်း၊ သို့ဖြစ် ၍ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်းကြီး ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းနိုင် ရေး ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍အစည်းအဝေးသို့ တက်ရောက်လာကြသည့် 7 Day Media မှ ဦးသောင်းစု ငြိမ်း၊ Yangon TV မှ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ပေါ်ပြူလာ သတင်းအေဂျင်စီမှ ဒေါ်နန်းကလျာဝင်း၊ The Voice မှ ဦးကျော်မင်းဆွေ၊ Global Innovation Media မှ ဦးမင်းဆွေလှိုင်၊ Cytron Computer မှ ဦးသိန်းထွန်းဖေ၊ We Media မှ ဦးလင်းထက်ကို၊ Myanmar Celebrity မှ ဦးအောင်မျိုးမြင့်၊ DVB မှ ဦးခင်မောင်စိုး၊ One News မှ ဦးမိုးအေး၊ အကုန်သိသတင်းအေဂျင်စီမှ ဦးကျော်မျိုးမင်း၊ ကမာရွတ်မီဒီယာမှ ဦးဟံသာငြိမ်း၊ ဝန်ဇင်း Application မှ ဦးဝင်းလှိုင်ဦး၊ စံတော်ချိန်သတင်းဌာနမှ ဦးကိုကိုလေး၊ Cele Gabar မှ ဦး သက်ဖြိုးအောင်၊ The Myanmar Times မှ ဦးကျော်စိုးထက်တို့က ပြောင်းလဲလာသည့် နည်း ပညာများနှင့်အညီ ဒစ်ဂျစ်တယ်မီဒီယာစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒစ်ဂျစ်တယ် မီဒီယာ အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ ဒစ်ဂျစ်တယ် မီဒီယာကို ကျင့်ဝတ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ အသုံးပြုနိုင်ရန်နှင့် လိုအပ်သည့် အသိပညာပေးမှုများ၊ နည်းပညာမျှဝေပေးမှုများကို စီမံဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရန် ကိစ္စများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော်(အေးမောင်ကျော်)နှင့် ဦးသန်းအုန်း(မောင်ဇေယျာ) တို့လည်း တက်ရောက်ကြသည်။

 

ယင်းအစည်းအဝေးမှ မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ကို ဥက္ကဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော် မျိုးမင်း ၊ တွဲဖက်အတွင်းရေးမှူး(၂) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်၊ အစည်းအဝေးတက်ရောက်လာကြသူများ ပေါင်း(၁၇)ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး အသင်းပေါ်ပေါက်လာရေးအတွက် လုပ်ငန်းကာလ(၆)လသတ်မှတ်ကာ ကော်မတီ၏ ရုံးခန်းကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၂၂/၂၄)ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး အဆောက်အဦး၏ ဒုတိယထပ်တွင် ယာယီဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းကလည်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်း၊ အမှတ်(၃၇၉/၃၈၃)ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနပိုင် ရုံးအဆောက်အဦနှင့် သိမ်ဖြူလမ်း အမှတ်(၂၁၂)ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်အဆောက်အဦများတွင် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် Forever Group အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို အခြေခံ၍ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စတူဒီယိုများ ပါဝင် သည့် အခြေခံအဆောက်အဦများတည်ဆောက်နိုင်ရန် ဆောင်ရွက်မှုအခြေအနေတင်ပြခြင်း အစီအစဉ်သို့လည်း တက်ရောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်